The network connection is lost.

Banner Image

ဂိုးသွင်းယူပြီးနောက် အနီကတ်ပြသခံရမှုအတွက် အီကီတီကီကို အပြစ်တင်လိုက်တဲ့ အန်းစလော့

ဒီနေ့မနက်ပိုင်း၊ ဆောက်သမ်တန်နဲ့ရင်ဆိုင်ရတဲ့ ကာရာဘောင်းဖလားတတိယအဆင့်ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပြီးနောက် ဂျာစီအင်္ကျီချွတ်အောင်ပွဲခံလို့ နှစ်ဝါတစ်နီပြစ်ဒဏ်ရရှိသွားတဲ့ အီကီတီကီကို လီဗာပူးနည်းပြအန်းစလော့က ဝေဖန်ပြောကြားခဲ့ပါတယ်။

အဲ့ဒီပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အီဆက်ခ်ရဲ့နေရာမှာ လူစားဝင်ကစားတဲ့ အီကီတီကီက ဘောလုံးကို အဝေးသို့ ပစ်လွှတ်လိုက်ခြင်းဖြင့် စိတ်ပျက်မှုကိုဖော်ပြမှုကြောင့် ပထမအကြိမ်အဝါကတ်ပြသခံခဲ့ရသလို ပွဲချိန်နှောင်းပိုင်း၊ အနိုင်ဂိုးသွင်းယူပြီးချိန်မှာလည်း နောက်ထပ်အဝါကတ်ပြသခံခဲ့ရပါတယ်။

လီဗာပူးကပ္ပတိန်ရော်ဘတ်ဆန်က အဝါကတ်ပြသခံထားရချိန် အခုလိုပြုမူခဲ့မှု ကို ရူးမိုက်လွန်းတဲ့ကိစ္စတစ်ခုပဲလို့ Sky Sports ရုပ်သံဌာနနဲ့တွေ့ဆုံချိန်မှာ ပြောကြားခဲ့သလို အန်းစလော့ကိုယ်တိုင်လည်း စကော့တလန်သားရဲ့အဆိုကို ထပ်လောင်းထောက်ခံခဲ့ပါတယ်။

လီဗာပူးနည်းပြက “ အဝါကတ်မရရှိထားဘူးဆိုရင်တောင် ဒါက ရူးမိုက်တဲ့ကိစ္စတစ်ခုလို့ပဲ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရှေးရိုးစွဲနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အခုလိုအဆင့်အတန်းမျိုးမှာမဟုတ်ရင်တောင် ဂိုးအနည်းငယ်တော့ သွင်းယူခဲ့ဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင် ဘယ်တုန်းကမှ မလုပ်ဖူးခဲ့ပေမဲ့ ပြိုင်ဘက်ကစားသမားသုံးဦးလောက်ကို ကျော်ဖြတ်ပြီး ဂိုးအပေါ်ထောင့်ဆီ ကန်သွင်းယူနိုင်လို့ ငါကွဆိုပြီး အောင်ပွဲခံမယ်ဆိုရင်လည်း ရကောင်းရနိုင်ပါတယ်။

ဒါပေမဲ့ ဒီနေ့၊ အီကီတီကီလိုမျိုး ကျွန်တော်သာ ဂိုးသွင်းယူနိုင်မယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် ချီယေဆာဆီ ပြန်သွားပြီး ဒီဂိုးဟာ မင်းနဲ့ပဲ သက်ဆိုင်တယ်၊ အရမ်းကောင်းတဲ့ပြေးထွက်မှုမှတဆင့် အရမ်းကောင်းတဲ့ ဖန်တီးပေးမှုပဲ၊ ငါကိုယ်တိုင်လုပ်ဖို့ ဘာမှမရှိတော့ဘူးလို့ ပြောဖြစ်ပါလိမ့်မယ်။ ဒါက အတော်လေးမိုက်မဲလွန်းတဲ့ကိစ္စပါ။ အခု သူက စနေနေ့ပွဲစဉ်အတွက် ပွဲပယ်ခံလိုက်ရပါပြီ။ ဒါက စိတ်ကူးထားတာနဲ့ ဝေးကွာလွန်းပါတယ်”လို့ ပြောပါတယ်။

နောက်ပိုင်းမှာလည်း အီကီတီကီက Instagram မှတဆင့် “ ဒီညမှာ ကျွန်တော့်ရဲ့စိတ်ခံစားမှုတွေ အရမ်းကောင်းနေခဲ့လို့ ဖြစ်ပါတယ်။ ကြိုးကြာနီမိသားစုကြီးတစ်ခုလုံးကို တောင်းပန်ပါတယ်”လို့ ဝန်ချသွားခဲ့ပါတယ်။ အခုဘောလုံးရာသီ၊ ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးက အခုသီတင်းပတ်ကုန်မှာ ရှုံးပွဲမရှိသေးတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ အဝေးကွင်းပွဲစဉ်ကို ဆင်နွှဲသွားရပါမယ်။