ဘရန့်ဖို့ဒ်ကိုရှုံးနိမ့်ခဲ့တာနဲ့ပတ်သက်ပြီး အမြင်ကို ပြောပြလာတဲ့ လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်
ယနေ့နံနက် လီဗာပူးအသင်း ဘရန့်ဖို့ဒ်ကို ၃-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးနောက်ခံလူ ဗာဂျီလ်ဗန်ဒိုက်က ပွဲအပေါ် သူ့ရဲ့အမြင်ကို ပြောပြသွားခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဒန်ဂိုအူယက်တာရာနဲ့ ရှာဒီတို့က အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးတွေသွင်းယူခဲ့ပြီး ပထမပိုင်းနာကျင်အချိန်ပိုမှာ ကာကက်ဇ်က ဧည့်သည်တွေအတွက် ဗွေဆော်ဦးချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း အီဂေါသီယာဂိုက ပယ်နယ်တီမှတဆင့် နောက်ထပ်ဦးဆောင်ဂိုးသွင်းယူသွားခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာတော့ မိုဆာလက်က ဒုတိယမြောက်ချေပဂိုးကို သွင်းယူသွားခဲ့ပါတယ်။
ပွဲအပြီး လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်က TNT Sports ကို ပြောကြားရာမှာ
"စိတ်ပျက်မိပါတယ်။ ဒီမှာရှုံးနိမ့်ခဲ့ရတဲ့အတွက် စိတ်ပျက်မိပါတယ်။ သူတို့ရဲ့အားသာချက်တွေက ဘာလဲ၊ သူတို့ဘာလုပ်ချင်လဲဆိုတာကို ကျွန်တော်တို့သိပါတယ်။ ပထမဂိုးကတော့ ကျွန်တော်တို့သိထားတဲ့အရာတစ်ခုဖြစ်ပြီး အဲဒီမှာကျွန်တော်တို့သတိထားရပါမယ် - ဒါကသူတို့ရဲ့အရည်အသွေးပါပဲ။ နောက်ပြီး ဒုတိယဂိုးပေးခဲ့ရတာကလည်း မကောင်းပါဘူး။ နောက်တော့ ပင်နယ်တီပေါ့။ အားလုံးခြုံပြောရရင် ကျွန်တော်တို့အတွက် အရမ်းစိတ်ပျက်စရာညတစ်ညပါပဲ။ ဒါကလက်ခံဖို့ခက်ခဲပေမဲ့ ဒါကအမှန်တရားပါပဲ၊ ကျွန်တော်တို့ဆက်လုပ်သွားရပါမယ်။"လို့ ပြောခဲ့ပါတယ်။
ပင်နယ်တီပေးခဲ့ရတဲ့ ဆုံးဖြတ်ချက်အပေါ် နယ်သာလန်သားက "ကျွန်တော်မသိပါဘူး။ ဒိုင်လူကြီးက ဘောလုံးကစည်းပေါ်မှာရှိတယ်လို့ပြောခဲ့ပေမဲ့ ပထမဆုံး ၂ မီတာအကွာမှာရှိတဲ့နေရာမှာ အစက်ချခဲ့ပါတယ်။ ဒါကြောင့် တကယ်တော့ဘာတွေဖြစ်နေလဲဆိုတာကို ကျွန်တော်မသိခဲ့ပါဘူး။ နောက်ဆုံးတော့ သူက ပင်နယ်တီပေးခဲ့ပါတယ်။ အဲဒါကမကောင်းပါဘူး။"လို့ ဆိုပါတယ်။
ချန်ပီယံလိဂ်မှာ အနိုင်ရရှိခဲ့ပြီးနောက် ဒီရှုံးပွဲက ကြီးမားတဲ့ဆုံးရှုံးမှုလို ခံစားရလားဆိုတဲ့အပေါ် ဗန်ဒိုက်က "ဒီနေ့ကျွန်တော်တို့ရှုံးခဲ့တယ်ဆိုတာက အမှန်တရားပါပဲ၊ ဒါပဲရှိပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ဒီရာသီမှာတောင် ကျွန်တော်တို့အတွက် အခက်အခဲတွေဖန်တီးပေးခဲ့တဲ့ ပြိုင်ဘက်နဲ့ နောက်ထပ်ပွဲတစ်ပွဲရှိပါတယ်။ ကျွန်တော်တို့က အဲဒီပွဲအတွက် အဆင်သင့်ဖြစ်ဖို့ စိတ်ဓာတ်ကို အမြန်ဆုံးပြောင်းလဲရပါမယ်။ ဘာလို့လဲဆိုတော့ သူတို့က အန်ဖီးလ်ကိုလာပြီး ကျွန်တော်တို့ကို ထပ်ပြီးထိခိုက်အောင်လုပ်ဖို့ ကြိုးစားကြမှာပါ။ ဒါက လက်ခံဖို့ခက်ခဲပါတယ်၊ ကျွန်တော်တို့ငြင်းလို့မရပါဘူး။ ဒီအချိန်က မလွယ်ကူပါဘူး။ ဖရန့်ဖတ်မှာ ကျွန်တော်တို့ပြသခဲ့တဲ့ စွမ်းဆောင်ရည်ပေါ်မှာ တည်ဆောက်ဖို့ကြိုးစားနေခဲ့ပေမဲ့ ကံမကောင်းစွာပဲ ဒီနေ့ညကတော့ ကောင်းမွန်တဲ့ညတစ်ညမဟုတ်ခဲ့ပါဘူး။" လို့ ပြောပြခဲ့ပါတယ်။