
ရီးရဲလ်ကြယ်ပွင့် ရိုဒရီဂိုကို အာဆင်နယ်နဲ့အပြိုင်ခေါ်ယူဖို့ကြိုးစားလာတဲ့ လီဗာပူး
လီဗာပူးဟာ အာဆင်နယ်ကပစ်မှတ်ထားနေတဲ့ ရီးရဲလ်မက်ဒရစ်တောင်ပံကြယ်ပွင့် ရိုဒရီဂိုကို အပြိုင်ခေါ်ယူဖို့ကြိုးစားလာခဲ့ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။ ယခုနွေရာသီအတွင်း အာဆင်နယ်ဟာ အသင်းရဲ့တောင်ပံကို အင်အားဖြည့်တင်းဖို့ကြိုးစားနေတာဖြစ်ပြီး ဇာဘီအလွန်ဆိုလက်အောက် ရီးရဲလ်မက်ဒရစ်မှာ ပုံမှန်နေရာမရတဲ့ ရိုဒရီဂိုကို အဓိကဦးစားပေးပစ်မှတ်အဖြစ် ကာလရှည်စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ယခုအခါမှာတော့ လီဗာပူးကပါ အပြောင်းအရွှေ့ထဲဝင်ရောက်လာတာကြောင့် အာဆင်နယ်အနေနဲ့ ဘရာဇီးသားကိုလက်ဦးမှုရယူနိုင်ဖို့ ခေါ်ယူနိုင်ရေး တွန်းအားပေးလုပ်ဆောင်လာဖွယ်ရှိပါတယ်။
တိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်းဖို့ကြိုးစားနေတဲ့ လီဗာပူးဟာ မကြာသေးမီက လေဗာကူဆင်ကြယ်ပွင့် ဖလော်ရီယန်ဝစ်ဇ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူထားခဲ့ပြီးဖြစ်ပေမယ့် နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်နဲ့ ဖရန့်ဖတ်ကြယ်ပွင့် ဟူဂိုအက်ကီတီကီတို့ကိုလည်း ပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လီဗာပူးဟာ မန်ချက်စတာယူနိုက်တက်နဲ့လမ်းခွဲတော့မယ့် တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုလည်း ခေါ်ယူဖို့ကြိုးစားနေကြောင်း သတင်းတွေထွက်ပေါ်ထားပါတယ်။
စပိန်သတင်းတွေအရတော့ ရီးရဲလ်မက်ဒရစ်ဟာ ရိုဒရီဂိုအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၁၀၀ သတ်မှတ်ထားတယ်လို့သိရပြီး ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်ကလည်း ဘရာဇီးလက်ရွေးစင်ကို စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။ ရာသီကြိုကာလမှာ လီဗာပူးဟာ ခြေစမ်းပွဲတွေကစားဖို့ အာရှသို့ခရီးထွက်ခွာသွားမှာဖြစ်ပြီး အေစီမီလန်နဲ့ ယိုကိုဟားမား တို့ကို ဟောင်ကောင်နဲ့ ဂျပန်တို့မှာယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် ခြေစမ်းခရီးစဉ်မထွက်ခွာမီမှာ လီဗာပူးအနေနဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး အာဆင်နယ်ကိုကျော်ဖြတ်ကာ ရိုဒရီဂိုကို လက်ဦးမှုရယူပြီးခေါ်ယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။