The network connection is lost.

Banner Image

အနီကတ်နဲ့ပတ်သက်ပြီး လီဗာပူးစတားကို အသင်းဘက်က အပြစ်ပေးဖို့ ပြင်ဆင်

သတင်းတွေအရ ဆောက်သမ်တန်နဲ့ကာရာဘောင်ဖလားပွဲမှာ ရူးသွပ်ဖွယ်ရာအနီကတ်ထိခဲ့တဲ့ တိုက်စစ်မှူး အက်ကီတီကီကို လီဗာပူးဘက်က အပြစ်ပေးဖို့ ပြင်ဆင်နေပါတယ်။ အက်ကီတီကီဟာ အဆိုပါပွဲမှာ အီဆက်အစားလူစားဝင်လာပြီးနောက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။အသက် ၂၃ နှစ်သားဟာ ကနဦးတုန်းက အဝါကတ်တစ်ကြိမ်ထိထားခဲ့ပေမယ့် ဂိုးသွင်းအပြီးမှာ အကျီချွတ်အောင်ပွဲခံခဲ့တာကြောင့် နောက် ၁ ဝါနဲ့အတူ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

သတင်းတွေအရ လီဗာပူးအသင်းဟာ အဆိုပါလုပ်ရပ်အတွက် အက်ကီတီကီကို ပေါင် ၄ သိန်းဒဏ်ကြေးချမှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ နွေရာသီတုန်းက ဖရန့်ဖတ်ကနေ ပေါင် ၇၉ သန်းနဲ့ လီဗာပူးအသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ အက်ကီဟာ ၅ ယောက်မြောက်လုပ်ခလစာအများဆုံးကစားသမားအဖြစ်ရှိနေပြီး တစ်ပတ်ကို ပေါင် ၂ သိန်းလောက်ရရှိနေပါတယ်။

နွေရာသီ လီဗာပူးအသင်းထံပြောင်းလာပြီးကတည်းက ပြင်သစ်သားဟာ အသင်းအတွက် ပြိုင်ပွဲစုံပထမဆုံး ၈ ပွဲမှာ ၅ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအနီကတ်ကြောင့် အက်ကီဟာ လာမယ့်စနေနေ့ ပဲလေ့စ်နဲ့ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။ စလော့ကတော့ အက်ကီရဲ့အနီကတ်နဲ့ပတ်သက်လို့ ဒေါသထွက်နေပါတယ်။

“ဒီလိုလုပ်ရပ်က လုပ်ဆောင်ဖို့ မလိုအပ်တာပါ။ အဲ့တာက ရူးသွပ်တဲ့လုပ်ရပ်ပါ။ ပထမဆုံးအဝါကတ်ထိထားချိန်မှာ အခုလိုမျိုးနောက်တစ်ဝါထိမယ့်အခြေအနေကို မလုပ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ ကိုယ့်စိတ်ကိုယ်ထိန်းရပါမယ်။ ပရီးမီးယားလိဂ် ဒါမှမဟုတ် ကမ္ဘာပေါ်ကဘယ်လိဂ်မှာမဆို ခင်ဗျားကစားမယ်ဆိုရင် ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော်သိပါတယ်။ တကယ်လို့ ခင်ဗျားက တိုက်စစ်မှူးဆိုရင် နောက်ခံလူတွေက ခင်ဗျားကိုတားဆီးနိုင်ဖို့ အရာအားလုံးလုပ်ဆောင်မှာပါ။

ဒါပေမယ့် ခင်ဗျားအနေနဲ့ ခင်ဗျားစိတ်ခံစားချက်ကို ထိန်းချုပ်တာက အကောင်းဆုံးပါ။ တကယ်လို့ ခင်ဗျားမထိန်းချုပ်နိုင်ဘူးဆိုရင် အဝါကတ်ပြခံရမှာပါ။ ကျွန်တော့်တုန်းကလည်း ပြီးခဲ့တဲ့ရာသီ အဲဗာတန်နဲ့ပွဲမှာ အနီကတ်ထိခဲ့ပါတယ်။ အဲ့တာက အမြဲတမ်းရူးချင်စရာပါ။ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်တာကြောင့် အခုလိုပြသခံရတာပါ။

ကျွန်တော်သူ့ကိုပြောထားပြီးပါပြီ။ တကယ်လို့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အခုလိုမျိုးဂိုးသွင်းလို့ အောင်ပွဲခံမယ်ဆိုရင် နားလည်နိုင်ပါတယ်။ ဒါပေမယ့် အခုလိုအခြေအနေမျိုးမှာ အကျီချွတ်အောင်ပွဲခံတာက မဖြစ်သင့်တာပါ။ အဲ့တာက မလိုအပ်သလို ဉာဏ်ကောင်းတာလည်းမဟုတ်ပါဘူး”လို့ စလော့က ပြောကြားခဲ့ပါတယ်။