
ဂရာဗန်ဘတ်ချ်ကို လက်လွှတ်ထားရသလို ခရီးစဉ်နှောင့်နှေးမှုပါ ကြုံတွေ့ခဲ့ရတဲ့ လီဗာပူးအသင်း
နည်းပညာဆိုင်ရာအခက်အခဲကြောင့် ဂျာမနီဆီပျံသန်းမယ့်လေကြောင်းခရီးစဉ် သုံးနာရီကြာ နှောင့်နှေးခဲ့ပြီးနောက် ဖရန့်ဖတ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို လီဗာပူးအသင်း ဖျက်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ မန်ချက်စတာယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားတဲ့ ဂရာဗန်ဘတ်ချ်လည်း မာဆေးဆိုဒ်မှ လတ်တလောထွက်ခွာလာတဲ့ ကစားသမား ၂၁ ဦးစာရင်းမှာ မပါဝင်လာပါဘူး။
ဖရန့်ဖတ်နဲ့ပွဲစဉ်မတိုင်ခင် အင်္ဂလန်ချန်ပီယံတွေက ၇၃ နှစ်အတွင်း ပထမဆုံးအကြိမ်၊ ငါးပွဲဆက်ရှုံးနိမ့်မှုကို ရှောင်လွှဲနိုင်ဖို့ မျှော်လင့်နေပါတယ်။ လီဗာပူးအသင်းရဲ့ကြေညာချက်တစ်ခုမှာ “ ဖရန့်ဖတ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်၊ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းလိုက်ပါပြီ။ လေယာဉ်ပျံသန်းမှုဆိုင်ရာနည်းပညာအခက်အခဲကြောင့် ဖရန့်ဖတ်ဆီထွက်ခွာဖို့စီစဉ်ထားတဲ့ အသင်းရဲ့ခရီးစဉ်က ကြန့်ကြာမှုတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ဒါကြောင့် အခုသတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဖော်ပြထားပါတယ်။
တဖက်မှာလည်း ဂရာဗန်ဘတ်ချ်မပါဝင်နိုင်မှုက မွေးရပ်မြေဆီ တခေါက်ပြန်ရောက်လာတော့မယ့် ဖလော်ရီယန်ဝစ်ဇ်အတွက် တံခါးတွေဖွင့်လှစ်ပေးနိုင်ပါတယ်။ လေဗာကူဆင်မှ ပြောင်းရွှေ့ကြေးပမာဏကြီးကြီးမားမားဖြင့် ရောက်ရှိလာပြီးနောက် အန်ဖီးလ်မှာ အခြေတကျမဖြစ်သေးလို့ ဝေဖန်ခံနေရတဲ့ ဖလော်ရီယန်ဝစ်ဇ်က ပရီးမီးယားလိဂ်နောက်ဆုံးနှစ်ပွဲဆက်၊ အန်းစလော့ရဲ့ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။
ဒါ့အပြင် ဇူလိုင်လအတွင်း ဖရန့်ဖတ်မှ အန်ဖီးလ်ဆီ ပေါင် ၆၉ သန်းတန်အပြောင်းအရွှေ့ဖြင့် ရောက်ရှိလာတဲ့ ဟူဂိုအီကီတီကီလည်း အသင်းဟောင်းနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီကလပ်အသင်းနှစ်ခုလုံးက အခုရာသီ၊ ချန်ပီယံလိဂ်အုပ်စုအဆင့်အဖွင့်ပွဲစဉ်နှစ်ခုကစားပြီးချိန် သုံးမှတ်စီ စုဆောင်းထားနိုင်ပါတယ်။