
ဘန်လေနဲ့ပွဲစဉ်မှာ လီဗာပူးအသင်း ကံကောင်းခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က ပရီးမီးယားလိဂ်ရာသီအဖွင့်ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ဘန်လေကိုနောက်ကျဂိုးနဲ့အတူ အနိုင်ရရှိမှုမှာ သူတို့အသင်း ကံကောင်းခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။Turf Moor ကွင်းပွဲစဉ်ရဲ့ မိနစ် ၉၀ ကျော်ကာလတွေအထိ အိမ်ရှင်တွေက အန်းစလော့ရဲ့အသင်းကို စိတ်ပျက်လက်ပျက်ဖြစ်အောင် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နာကျင်အချိန်ပိုမှာ ဖရင်းပေါင်ရဲ့ဖြတ်တင်ဘောကို လူစားဝင်ကစားသမားဟန်နီဘယ်လ် လက်ဖြင့်တားဆီးခဲ့လို့ ဘန်လေတို့ ပယ်နယ်တီပေးခဲ့ရပါတယ်။
ဒီပယ်နယ်တီကို မိုဆာလက်က အမှားအယွင်းမရှိအဆုံးသတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံတွေအတွက် အဖိုးတန်အဝေးကွင်းသုံးမှတ်အပြည့် ရယူပေးခဲ့ပါတယ်။ အခုဘောလုံးရာသီ၊ လေးပွဲကစားပြီးချိန်အထိ လီဗာပူးက သူတို့အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၈၃ မိနစ်(သို့မဟုတ်) ၈၃ မိနစ်နောက်ပိုင်းမှသာ သွင်းယူလေ့ ရှိပါတယ်။
နောက်ကျဂိုးတွေနဲ့အတူ အနိုင်ယူလေ့ရှိတဲ့ သူ့အသင်းရဲ့အလေ့အကျင့်အပေါ် စိုးရိမ်မိသလား (သို့မဟုတ်) အထင်ကြီးမိသလားဆိုတဲ့ မေးခွန်းကို အန်းစလော့က “ နှစ်ခုလုံးမှာ နည်းနည်းချင်းစီပါပဲ။ ၁၈ ကိုက်စည်းထဲမှာ ကစားသမား ၁၁ ဦးလုံးရှိနေတဲ့ အသင်းနဲ့ရင်ဆိုင်ရချိန် အခွင့်အရေးတွေဖန်တီးဖို့ ဘယ်လောက်အထိခက်ခဲမယ်ဆိုတာ ကျွန်တော် သိပါတယ်။
ဘန်လေလုပ်ပြသွားတာလည်း အရမ်းကောင်းပါတယ်။ သူတို့တွေ တစ်မှတ်ရရှိလုနီးပါး ဖြစ်ခဲ့ပါတယ်။ သူတို့နဲ့ပတ်သက်ပြီး ဝေဖန်စရာမရှိပါဘူး။ ကျွန်တော်က ပြိုင်ဘက်ကိုအခွင့်အရေးလုံးဝမပေးဘဲ ကစားသမားတိုင်း ခုခံကာကွယ်ပေးတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်ခုနဲ့ရင်ဆိုင်ရတာ ဘယ်လောက်အထိခက်ခဲတယ်ဆိုတာ ရှင်းပြချင်ရုံပါပဲ။
အလွတ်တည်ကန်ဘောမှတဆင့် ဂိုးမသွင်းနိုင်ဘူးဆိုရင် ကစားကွက်မှတဆင့် ဂိုးသွင်းယူနိုင်ဖို့ဆိုတာ ကိုယ်လုပ်နိုင်မယ့် တစ်ခုတည်းသောအရာ ဖြစ်ပါတယ်။ ဒါက ခံစစ်ဇုန်ထဲမှာ ပြိုင်ဘက်ကစားသမား ၁၁ ဦးလုံး ရှိနေမယ်ဆိုရင် လုပ်ဖို့ကိုင်ဖို့ ခက်ခဲသွားပါတယ်။
တကယ်လည်း အခွင့်အရေးကောင်းတွေ မရရှိခဲ့ပါဘူး။ ပွဲချိန်တလျှောက်လုံး ကျွန်တော်တို့မျှော်လင့်နိုင်ခဲ့တဲ့အရာက သရေတစ်မှတ်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တက်နိုင်သမျှ ကစားသမားအားလုံးကိုထည့်သွင်းပြီး တိုက်စစ်ဇုန်ထဲမှာ ခုနစ်ဦး၊ ရှစ်ဦးလောက်အထိ ရှိနေအောင် လူစားလဲလှယ်မှုတွေနဲ့အတူ ကြိုးစားခဲ့ပါတယ်။
ဂိုးသွင်းယူနိုင်ဖို့ တစ်ခုခုလုပ်သွားစရာ ရှိသေးလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပယ်နယ်တီအခွင့်အရေးကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကံကောင်းသလို စိတ်သက်သာရာ ရမိပါတယ်”လို့ ပြောပါတယ်။