The network connection is lost.

Banner Image

ချဲလ်ဆီးတောင်ပံကစားသမား မာဒူကီကို ပေါင် ၅၂ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးရဲ့တောင်ပံကစားသမား နိုနီမာဒူကီကို ပေါင် ၅၂ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ အာဆင်နယ်ရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းပဲလက်ခံခဲ့တာဖြစ်ပြီး မာဒူကီဟာ အာတီတာရဲ့အသင်းနဲ့ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ အာတီတာအနေနဲ့ မာဒူကီရဲ့ စွယ်စုံရဘောလုံးစွမ်းရည်ကို သဘောကျနေပြီး ကစားသမားဟာ အသင်းအတွက် ကြီးမားတဲ့အထောက်အပံ့ဖြစ်လာမယ်လို့ ယူဆထားကြောင်း သိရပါတယ်။ 

တစ်ဖက်မှာ မာဒူကီကလည်း ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာရဲ့ အစီအစဉ်တွေမှာမပါဝင်တာကြောင့် စတန်းဖို့ဒ်ဘရစ်ချ်မှထွက်ခွာဖို့သာ ဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အာဆင်နယ်ပရိတ်တွေကတော့ အဆိုပါအပြောင်းအရွှေ့ကို သဘောတူညီခြင်းမရှိဘဲ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်နေကြပါတယ်။ 

လက်ရှိအချိန်မှာတော့ မာဒူကီဟာ ချဲလ်ဆီးနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာ အမေရိကန်သို့ရောက်ရှိနေပြီး ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်သွားရမယ့် ဗိုလ်လုပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ သို့သော်လည်း အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ ပြိုင်ပွဲအတွင်း ၂ ပွဲသာ ပွဲထွက်ခွင့်ရထားတာဖြစ်ပါတယ်။ 

မာဒူကီဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ ပီအက်စ်ဗွီမှ ချဲလ်ဆီးသို့ ပေါင် ၂၈.၅ သန်းနဲ့စတင်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၇ ပွဲ ပါဝင်ကစားခွင့်ရထားပါတယ်။ ချဲလ်ဆီးအတွက်ကစားခဲ့တဲ့ ပြိုင်ပွစုံ ၉၂ ပွဲအတွင်းမှာတော့ အင်္ဂလန်လက်ရွေးစင်ဟာ ဂိုး ၂၀ သာသွင်းယူပေးထားနိုင်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ အာဆင်နယ်ဟာ အီဘရီချီအီဇီနဲ့ ဗစ်တာဂျိုကာရက်စ်တို့ကိုလည်း ချိတ်ဆက်မှုတွေပြုလုပ်နေပြီး မကြာမီမှာပဲ သဘောတူညီမှုရရှိတော့မယ်လို့သိရပါတယ်။ အာဆင်နယ်အနေနဲ့ စပို့တင်းကြယ်ပွင့် ဂျိုကာရက်စ်ကိုခေါ်ယူဖို့ ပေါင် ၅ သန်းခန့်တိုးပေးဖို့ လိုအပ်နေသော်လည်း တိုးပေးခြင်းမရှိဘဲ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ကြန့်ကြာနေပါတယ်။ 

လောလောဆယ်မှာတော့ အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်ကြယ်ပွင့် ခရစ်ရှင်နော်ဂတ်ကို ပေါင် ၁၀ သန်း +အပိုဆုကြေး ပေါင် ၅ သန်းနဲ့ခေါ်ယူထားပြီဖြစ်ပြီး ဒိန်းမတ်လက်ရွေးစင်ဟာ အမ်းမရိတ်စ်မှာ ကျောနံပါတ် ၁၆ ကိုဝတ်ဆင်သွားမှာဖြစ်ပါတယ်။