မိုင်နူးကို ယူနိုက်တက်မှထွက်ခွာခွင့်ပေးဖို့ မိုင်နူးရဲ့အစ်ကိုတောင်းဆို
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးရဲ့အစ်ကိုဖြစ်သူက အင်္ဂါနေ့နံနက်က ဘုန်းမောက်ကို ၄-၄ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မိုင်နူးကိုအသင်းမှထွက်ခွာခွင့်ပေးဖို့အတွက် နည်းပြရူဘင်အာမိုရင်ထံ တောင်းဆိုလာခဲ့ပါတယ်။
မိုင်နူးရဲ့အစ်ကိုဟာ "Free Kobbie Mainoo" ဆိုတဲ့စာသားပါအင်္ကျီကို ဝတ်ဆင်ခဲ့ပြီး အာမိုရင်ထံ သတင်းစကားပေးပို့ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လကတည်းက ယူနိုက်တက်မှထွက်ခွာခွင့်တောင်းခဲ့တဲ့ မိုင်နူးကို အာမိုရင်ဟာ ထွက်ခွာခွင့်မပေးခဲ့သလို၊ ယခုအခါမှာလည်း ပွဲထုတ်အသုံးပြုခြင်းမရှိဘဲ လျစ်လျူရှုထားတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ယူနိုက်တက်အတွက်အနိုင်ဂိုးသွင်းပြီး စတင်တောက်ပလာခဲ့တဲ့မိုင်နူးဟာ ၂၀၂၄ ယူရိုပြိုင်ပွဲမှာလည်း အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ယခုနှစ်ရာသီမှာတော့ အင်္ဂလန်သားဟာ နည်းပြအာမိုရင်ရဲ့မျက်နှာသာပေးမှုမရတာကြောင့် အသင်းကနေထွက်ခွာခွင့်မရသလို၊ ကစားခွင့်လည်းမရတဲ့အခြေအနေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။
ဘုန်းမောက်နဲ့ပွဲစဉ်မှာတော့ မိုင်နူးဟာ ပွဲကစားချိန် မိနစ် ၆၀ ခန့်မှာ လူစားလဲဝင်ရောက်ကစားခွင့်ရခဲ့ပြီး ပရိသတ်တွေရဲ့ကြိုဆိုအားပေးမှုကို လက်ခံရရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အဆိုပါပွဲစဉ်ရဲ့ပွဲကြည့်စင်မှာ မိုင်နူးရဲ့အစ်ကိုဖြစ်သူ ဂျော်ဒန်မိုင်နူးကလည်း မိုင်နူးကို အသင်းမှထွက်ခွာခွင့်ပေးဖို့စာတန်းပါအင်္ကျီကို ဝတ်ဆင်ပြီး အာမိုရင်ထံ တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။
ပွဲအပြီးမှာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အာမိုရင်ကို မေးမြန်းမှုပြုလုပ်ခဲ့ခြင်းမရှိပေမယ့် ကြိုတင်အသိမပေးဘဲ ပြုလုပ်ခဲ့တဲ့လုပ်ရပ်ဖြစ်တာကြောင့် ပေါ်တူဂီသားအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်သွားနိုင်ကြောင်း သတင်းတွေထွက်ပေါ်ထားပါတယ်။ မိုင်နူးအနေနဲ့လည်း လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံလိုတာကြောင့် ဇန်နဝါရီမှာတော့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ပုံမှန်ပွဲထွက်ကစားခွင့်ရမယ့် အသင်းသစ်ဆီပြောင်းရွှေ့ဖို့ထပ်မံတောင်းဆိုလာနိုင်ပါတယ်။
ဇန်နဝါရီမှာ မိုင်နူးကိုအငှားချဖို့ရှိမရှိမေးမြန်းခဲ့ရာ ပေါ်တူဂီသားနည်းပြက "ကျွန်တော်အရင်ကပြောခဲ့သလိုပါပဲ။ အသင်းကပထမပါ။ မိုင်နူးအနေနဲ့ အသင်းကထွက်ချင်တယ်လို့လာပြောရင် ကျွန်တော်ပြန်ပြောမှာပါ။ ဘာပြောမယ်ဆိုတာတော့ အခုမပြောသေးပါဘူး။ ကျွန်တော့်အနေနဲ့ ကစားသမားတွေကို ပျော်ရွှင်စေချင်ပါတယ်။ ဒါကြောင့် ဘာဖြစ်လာမလဲ ဆက်ပြီးစောင့်ကြည့်ရပါမယ်" လို့ဖြေကြားခဲ့ပါတယ်။