
အနားယူချိန် လုံလောက်မှုမရှိဘဲ အာဆင်နယ်ကိုယှဉ်ပြိုင်ခဲ့ရလို့ တရားမျှတမှုမရှိဘူးလို့ ဝေဖန်လာတဲ့ ဆေးလ်ဗား
မန်ချက်စတာစီးတီးအသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားက အသင်းဟာ အနားယူချိန်အလုံအလောက်မရှိဘဲ အာဆင်နယ်ကိုအဝေးကွင်းမှာ လာရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်လို့ တရားမျှတဲ့ပွဲစဉ်မဖြစ်ခဲ့ကြောင်း ဝေဖန်ပြောကြားလာခဲ့ပါတယ်။
မန်စီးတီးဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် နာပိုလီကို ၂-၀ နဲ့အနိုင်ရပြီး ၆၆ နာရီအကြာမှာပဲ အာဆင်နယ်ကို လန်ဒန်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ အိမ်ရှင်အာဆင်နယ်ကတော့ ချန်ပီယံလိဂ်မှာ မန်စီးတီးထက် ၂ ရက်စောပြီး ဘီလ်ဘာအိုနဲ့ကစားခဲ့ရတာဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ မန်စီးတီးအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး အာလင်းဟာလန်းက ပွဲအစ ၉ မိနစ်မှာပဲ သွင်းယူပေးခဲ့ပေမယ့် အာဆင်နယ်အတွက်ချေပဂိုးကို လူစားဝင်ကစားသမား ဂါဘရီရယ်မာတင်နယ်လီက ပွဲကစားချိန် မိနစ် ၉၀ ကျော်မှာပြန်လည်သွင်းယူခဲ့တာကြောင့် အမ်းမရိတ်စ်မှာ သရေတစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။
သရေတစ်မှတ်ရခဲ့ပေမယ့် ကျေနပ်ခြင်းမရှိတဲ့ ဆေးလ်ဗားက "ကျွန်တော်တို့က ဒီရာသီရဲ့ အရေးကြီးဆုံးပွဲတွေထဲက တစ်ပွဲကို အနားယူချိန်လုံလုံလောက်လောက်မရဘဲ ကစားခဲ့ရပါတယ်။ ဒါက လုံးဝ တရားမျှတမှုမရှိပါဘူး။ ဖြစ်လည်းမဖြစ်သင့်ပါဘူး။ အာဆင်နယ်မှာက အနားယူချိန် ၅ ရက်တောင်ရခဲ့ပြီး ကျွန်တော်တို့မှာတော့ ၂ ရက်ခွဲပဲရှိခဲ့ပါတယ်။ ဒီပမာဏက ကျွန်တော်တို့အတွက် မလုံလောက်ပါဘူး"
"ဒီပွဲကို ကျွန်တော်တို့ အကောင်းဆုံးအခြေအနေနဲ့ကစားခဲ့ရတာမဟုတ်ပါဘူး။ ဒီလိုဘောလုံးအဆင့်အတန်းမှာမကစားဖူးတဲ့သူတွေကတော့ ဒီပွဲအကြောင်းကို နားလည်ကြမှာမဟုတ်ပါဘူး။ ဒီလိုပွဲမျိုးမှာ နှစ်သင်းစလုံးက ညီတူမျှတူဖြစ်နေဖို့လိုပါတယ်။ ကျွန်တော်တို့အသင်းဖော် ကူဆာနော့ဗ် ဒီပွဲမှာဒဏ်ရာရခဲ့တာ ပွဲပန်းမှုကြောင့်ပါ။ ဒါကြောင့် ကျွန်တော်တို့အတွက် မမျှတတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်"
"ကျွန်တော်တို့ လန်ဒန်ကို ခရီးလည်းထွက်ခဲ့ရတာကြောင့် အနားယူဖို့ အချိန်တစ်ရက်တိတိလိုခဲ့ပါတယ်။ အာဆင်နယ်ဘက်က ဘယ်နရက်ပဲ နားရ နားရ၊ ကျွန်တော်တို့ဘက်ကတော့ တစ်ရက်လောက်ပဲပိုနားရရင်အဆင်ပြေပါတယ်။ ၃ ရက်ခွဲလောက် နားရရင် ကျွန်တော်တို့အတွက် အကောင်းဆုံးပြင်ဆင်ဖို့ လုံလောက်မှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပေါ်တူဂီလက်ရွေးစင်က "ပွဲအချိန်ဇယားကတော့ သူ့အတိုင်းသွားနေမှာပါပဲ။ ယူအီးအက်ဖ်အေပြိုင်ပွဲတွေရှိသလို၊ ပရီးမီးယားလိဂ်လည်းရှိနေပါတယ်။ တီဗီချန်နယ်တွေကတော့ သူတို့ပိုက်ဆံရဖို့အတွက် လုပ်ကြမှာပါပဲ။ကျွန်တော်တို့အနေနဲ့ ၃-၄ ရက်ကို တစ်ပွဲလောက်ကစားရရင် ကိစ္စမရှိပါဘူး။ ရာသီတစ်ခုမှာ ပွဲ ၆၀ လောက်အထိကစားရတာကို စိတ်မပျက်ပါဘူး။ဒါပေမယ့် ကျွန်တော်တို့ရဲ့ပြိုင်ဘက်အသင်းနဲ့ အနားယူချိန်တူညီနေဖို့တော့လိုပါတယ်။ တရားမျှတမှုရှိဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ အာဆင်နယ်ဟာ ထိပ်ဆုံးကလီဗာပူးနဲ့ ရမှတ် ၅ မှတ်အကွာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး မန်စီးတီးကတော့ ရမှတ် ၇ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။