
ယူနိုက်တက်က ချန်ပီယံလိဂ်အတွက် အဆင်သင့်မဖြစ်သေးကြောင်း အာမိုရင်ဝန်ခံ
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ဖို့သာမက ချန်ပီယံလိဂ်ပြိုင်ပွဲအတွက်လည်း အဆင်သင့်မဖြစ်သေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ အသင်းသမိုင်းတစ်လျှောက် ပရီးမီဂယားလိဂ်မှာ အဆိုးရွားဆုံး အဆင့်ရပ်တည်မှုနဲ့ ရာသီကုန်ဆုံးဖို့ သေချာနေပြီး လက်ရှိ ၃၅ ပွဲကစားထားရာမှာ ရမှတ် ၃၉ မှတ်သာရရှိထားတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာသို့ရောက်ရှိနေတာဖြစ်ပါတယ်။
သို့သော်လည်း အာမိုရင်ရဲ့အသင်းဟာ ယူရိုပါလိဂ်မှာတော့ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းထားနိုင်ပြီး ပထမအကျော့ပွဲစဉ်မှာ ဘီလ်ဘာအိုကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ဖို့ သေချာနေပါတယ်။ တကယ်လို့ ဗိုလ်လုပွဲမှာသာ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်ဟာ နောက်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရသွားမှာဖြစ်ပါတယ်။
သို့သော်လည်း နည်းပြရူဘင်အာမိုရင်ကတော့ အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ဖို့ အဆင်သင့်မဖြစ်သေးကြောင်းကို "ကျွန်တော်တို့ ပရီးမီးယားလိဂ်ဆုဖလားကို စိန်မခေါ်နိုင်သေးသလို၊ ချန်ပီယံလိဂ်မှာလည်း ပါဝင်ယှဉ်ပြိုင်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ယူရိုပါလိဂ်ဆုဖလားကိုတော့ ဆွတ်ခူးချင်ပါတယ်။ ပရိသတ်တွေအတွက် အစွမ်းကုန်ပေးဆပ်သွားရပါမယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ဆုဖလားတွေကိုစိန်ခေါ်နိုင်ဖို့ကတော့ နောက်မှပဲ ဆက်စဉ်းစားသွားရမှာပါ" လို့ပြောကြားခဲ့ပါတယ်။