The network connection is lost.

Banner Image

မိုင်နူးရဲ့ခြေစွမ်းကို အခုထက်ပိုပြီးမျှော်လင့်ထားတယ်လို့ အာမိုရင်ပြော

မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးကို ဒီရာသီမှာ ဘာကြောင့်ပွဲထွက်ခွင့်မပေးသလဲ ရှင်းပြလာခဲ့ပြီး ကစားသမားရဲ့ခြေစွမ်းကို အခုထက်ပိုပြီးမျှော်လင့်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။

မိုင်နူးဟာ ယခုနှစ်ပရီးမီးယားလိဂ်ရာသီအစမှာ ပွဲထွက်ခွင့်မရတာကြောင့် ယူနိုက်တက်မှထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။ သို့သော်လည်း ယူနိုက်တက်ဘက်ကတော့ တောင်းဆိုမှုကိုပယ်ချပြီး ပွဲထွက်လူစာရင်းမှာထည့်သွင်းခြင်းမရှိဘဲ အရန်ခုံသာထိုင်ခိုင်းထားတာဖြစ်ပါတယ်။ 

မိုင်နူးအနေနဲ့ ဂရင်းစ်ဘီကိုရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ဘန်လေနဲ့တစ်ပွဲသာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိထားတာဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးကို အီတီဟတ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး မန်စီးတီးနဲ့တွေ့တိုင်း‌ခြေစွမ်းပြတတ်တဲ့မိုင်နူးအနေနဲ့ကတော့ ပွဲထွက်လူစာရင်းမှာပါဝင်ဖို့ မသေချာသေးပါဘူး။ 

ယခုအခါမှာ အာမိုရင်က "အခြားကစားသမားတွေလိုပဲ သူလည်း ပွဲထွက်ခွင့်ပိုရချင်မှာပါ။ အပြောင်းအရွှေ့ကာလအတွင်း သူနဲ့ကျွန်တော်နဲ့ စကားမပြောဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်မှာတော့ ပြောဖြစ်ခဲ့ပါတယ်။ သူ့ကိုအသင်းမှာဆက်ထိန်းဖို့ စကားသွားပြောတာမျိုးတော့ ကျွန်တော်မဖြစ်ချင်ပါဘူး"

"ကျွန်တော်က မိုင်နူးကို အရမ်းယုံကြည်ပါတယ်။ ဒါပေမယ့် လူတွေက သူ့ရဲ့ခြေစွမ်းကို သက်သေပြပြီးသားလို့ထင်နေပါတယ်။ ကျွန်တော့်အမြင်မှာတော့ သူ ဒီထက်အများကြီးပိုကောင်းဖို့လိုနေပါသေးတယ်။ အများကြီးတိုးတက်ဖို့ကျန်ပါသေးတယ်"

"အချို့ကစားသမားတွေမှာ သူ့လောက်ခြေစွမ်းရှိရင် လုံလောက်ပြီဆိုပေမယ့် သူကတော့ မလုံလောက်သေးပါဘူး။ သူ့မှာလုပ်နိုင်စွမ်းတွေအများကြီးကျန်နေပါသေးတယ်။ သိပ်မကြာတော့တဲ့အနာဂတ်မှာ သူပိုကောင်းလာပြီး နေရာရလာမယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

နည်းပြဟောင်း အဲရစ်တန်ဟက်လက်ထက်မှာ ယူနိုက်တက်အတွက် စတင်ကစားခွင့်ရခဲ့တဲ့မိုင်နူးဟာ လက်ရှိအချိန်အထိစုစုပေါင်း ၇၃ ပွဲသာပါဝင်ထားခဲ့ရတာဖြစ်ပါတယ်။ တန်ဟက်လက်အောက်မှာတဟုန်ထိုးတိုးတက်လာခဲ့ပေမယ့် အင်္ဂလန်သားဟာ အာမိုရင်ရဲ့နည်းစနစ်မှာတော့ အံဝင်ခွင်ကျဖြစ်ဖို့ ရုန်းကန်နေရပါတယ်။

ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက "မိုင်နူးက ပွဲကိုထိန်းချုပ်နိုင်တဲ့ကစားသမားမျိုးပါ။ ဒါပေမယ့် နံပါတ် ၈ နေရာမှာကစားမယ်ဆိုရင်တော့ သူ့အ‌နေနဲ့ ပြိုင်ဘက်ဂိုးဧရိယာနားအထိရောက်ဖို့လိုသလို ခံစစ်ကိုလည်း ကူညီပေးနိုင်ရပါမယ်။ အခု အဲဒီလိုပုံစံကို ဘရူနိုကစားနေပြီး အကောင်းဆုံးစွမ်းဆောင်ပြနေပါတယ်"

"ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘရူနိုက ယူနိုက်တက်မှာ လွှမ်းမိုးမှုအရှိဆုံးကစားသမားဖြစ်ခဲ့ပြီး နံပါတ် ၈ နေရာအတွက်လည်း အကောင်းဆုံးဖြစ်နေပါတယ်။ မိုင်နူးအနေနဲ့ နံပါတ် ၆ နေရာမှာ ပြောင်းလဲကစားနိုင်ပေမယ့် သူ့ရဲ့ ခံစစ်လိုက်ပါမှုက အားနည်းချက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ နေရာတိုင်းမှာ ဘက်ညီနေဖို့ ကစားသမားတွေကို တိတိကျကျရွေးချယ်ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။