
အိုနာနာကို အသင်းမှဖယ်ရှားနိုင်ခဲ့လို့ ယူနိုက်တက်ကို ဖာဒီနန်ချီးကျူး
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က အသင်းအနေနဲ့ ဂိုးသမား အန်ဒရေအိုနာနာလို ကစားသမားမျိုးကို ဖယ်ရှားနိုင်ခဲ့ခြင်းက ကောင်းမွန်တဲ့လုပ်ဆောင်ချက်ဖြစ်ကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။ အိုနာနာဟာ ထရက်ဘ်ဇွန်စပေါအသင်းသို့ အငှားနဲ့ထွက်ခွာဖို့ နီးစပ်နေပြီဖြစ်ပြီး ဖာဒီနန်က အိုနာနာဟာ အသင်းအတွက် အနံ့ဆိုးထွက်စေတဲ့ကစားသမားမျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်းက ယူနိုက်တက်ဟာ အိုနာနာအပါအဝင် ခြေစွမ်းကျဆင်းနေတဲ့ ကစားသမားတွေကို အသင်းမှာ ကာလရှည်ထိန်းသိမ်းထားခဲ့ကြောင်းလည်း ထောက်ပြခဲ့ပါတယ်။
ဖာဒီနန်က "ကလပ်ရဲ့ ဘောလုံးလုပ်ငန်းတွေကို ဦးဆောင်နေတဲ့ စီအီးအို အိုမာဘရာဒါက ကလပ်မှာဆက်ရှိနေဖို့ မထိုက်တန်တဲ့ကစားသမားတွေကို ဆက်ထားတော့မှာမဟုတ်ဘူးလို့ထင်ပါတယ်။ ခြေစွမ်းမပြနိုင်တဲ့ကစားသမားတွေနဲ့ ခြေစွမ်းမမှန်တဲ့ကစားသမားတွေကလည်း အသင်းမှာ ဆက်ရှိနေလို့မရပါဘူး။ကျွန်တော်တို့အသင်းမှာ ဒီလိုကစားသမားတွေ အကြာကြီးနေထိုင်ခဲ့ကြတယ်လို့ထင်ပါတယ်။ အခုကစပြီး နောက်ပိုင်းမှာ အသင်းရဲ့ပတ်ဝန်းကျင်ကိုအနံ့ဆိုးထွက်စေတဲ့ ကစားသမားတွေ ရှိတော့မှာမဟုတ်ပါဘူး။ ကစားသမားတွေနဲ့ပတ်သက်ပြီး ဆိုးဝါးတဲ့ငွေကြေးပိုင်းဆိုင်ရာအခြေအနေတွေနဲ့ အကျပ်အတည်းတွေကို အသင်းက ကြုံတွေ့ခဲ့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း နောက်ဆုံးခေါ်ယူမှုအဖြစ် ဘယ်လ်ဂျီယံကလပ် ရွိုင်ရယ်အန့်တ်ဝပ်ဂိုးသမားလေး ဆန်နီလမ်မန်းစ်ကို ခေါ်ယူထားခဲ့တာကြောင့် အိုနာနာအနေနဲ့ အိုးလ်ထရက်ဖို့ဒ်နဲ့လမ်းခွဲဖို့ နီးစပ်လာခဲ့ဖြစ်ပါတယ်။ ယခုရာသီအတွင်း နည်းပြရူဘင်အာမိုရင်ဟာ အယ်လ်တေးဘယင်ဒါကို အဓိကထားပြီးအသုံးပြုနေတာကြောင့် အိုနာနာအနေနဲ့ ယူနိုက်တက်မှာဆက်လက်နေထိုင်ပါက တတိယဦးစားပေးဂိုးသမားအဖြစ်သာ နေခွင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ ကင်မရွန်းလက်ရွေးစင်ဟာ ပုံမှန်ပွဲထွက်ခွင့်နဲ့ ကစားသမားဘဝ ပြန်လည်တည့်မတ်ရေးအတွက် အခွင့်အရေးရလာခဲ့တယ်လို့ဆိုရမှာလည်းဖြစ်ပါတယ်။
တူရကီအပြောင်းအရွှေ့ဈေးကွက်က စက်တင်ဘာလ ၁၂ ရက်အထိ ဖွင့်လှစ်ထားဆဲဖြစ်လို့ အိုနာနာအနေနဲ့ ထရက်ဘ်ဇွန်စပေါသို့ပြောင်းရွှေ့ဖို့ အချိန်လုံလုံလောက်လောက်ကျန်ရှိနေပါသေးတယ်။ အင်တာမီလန်ကြယ်ပွင့်ဟောင်းဟာ ယခုလနှောင်းပိုင်းမှာ ထရက်ဘ်ဇွန်စပေါအတွက် စတင်ပွဲထွက်ကစားပေးနိုင်ချေရှိပါတယ်။