
ဒီဘရိုင်းနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမှုတွေကို ဆိုင်းငံ့ထားလိုက်တဲ့ မန်စီးတီး
ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးက ဝါရင့်ကွင်းလယ်ကစားသမားဒီဘရိုင်းနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမှုကို ဆိုင်းငံ့ထားလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။
ဘယ်လ်ဂျီယံကြယ်ပွင့်ရဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးနှစ်ဆီ ချဉ်းကပ်လာပြီဖြစ်ပေမယ့် အသင်းဘက်က လတ်တလောမှာ အခုလိုပဲ ဆုံးဖြတ်လိုက်တာပါ။ အသက်-၃၂ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်က နည်းပြပက်ဂွါဒီယိုလာရဲ့အသင်းအတွက် အဓိကကစားသမားတစ်ဦးဖြစ်ပြီး ယမန်နှစ်ဘောလုံးရာသီ၊ မန်စီးတီးရဲ့သမိုင်းဝင်ဆုဖလားသုံးလုံး အောင်ပွဲမှာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် အခုဘောလုံးရာသီသစ်၊ မန်စီးတီးရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဘန်လေနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန် ၂၂ မိနစ်မှာပဲ ဒီဘရိုင်းဟာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပါတယ်။ Daily Star သတင်းဌာနရဲ့ဖော်ပြမှုအရ ပရီးမီးယားလိဂ်ချန်ပီယံတွေက ကစားသမားနဲ့ စာချုပ်သက်တမ်းတိုးနိုင်ရေးအတွက် ဒီဘရိုင်းရဲ့ဖခင်ဖြစ်သူနဲ့အတူ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
ဒါက ကာလရှည်အနားယူရနေရမှုမှ ဒီဘရိုင်းပြန်လာမယ့်အချိန်အထိ စောင့်ဆိုင်းလိုတဲ့ ရည်ရွယ်ချက်ကြောင့် အခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာပြဿနာပေါ်ပေါက်လာပြီးနောက်ပိုင်း ဒီဘရိုင်းက ခွဲစိတ်ကုသမှုခံယူခဲ့ရလို့ နှစ်သစ်ကူးမတိုင်မီ အသင်းနဲ့ ပြန်လည်ပူးပေါင်းလာဖွယ် မရှိပါဘူး။
အခုဘောလုံးရာသီ ကုန်ဆုံးချိန်မှာတော့ သီတင်းတစ်ပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ ရရှိနေတဲ့ ကြယ်ပွင့်ရဲ့ စာချုပ်သက်တမ်းက ၁၂ လမျှသာ ကျန်ရှိပါတော့မယ်။ နည်းပြပက်ဂွါဒီယိုလာကတော့ ဂမ်ဒိုဂန်ထွက်ခွာသွားပြီးနောက်ပိုင်း အသင်းခေါင်းဆောင်ရာထူး ဆက်ခံခဲ့သူကို အီတီဟတ်မှာ ဆက်ထိန်းထားနိုင်ရေး လိုလားနေပါတယ်။
စပိန်သားနည်းပြက အသင်းအနေဖြင့် ဒီဘရိုင်းကို နောက်ထပ်နှစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ကမ်းလှမ်းဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီဘရိုင်းကသာ အခုလိုကမ်းလှမ်းမှုကို လက်ခံလိုက်မယ်ဆိုရင် သူ့ရဲ့အသက်-၃၆ ပြည့်မွေးနေ့အထိ အီတီဟတ်ကွင်းမှာ ဆက်ရှိနေဖို့ သေချာသွားပါလိမ့်မယ်။
ဒါပေမယ့် စာချုပ်သစ်ကမ်းလှမ်းမှုကိုသာ လက်မခံဘူးဆိုရင် ဒီဘရိုင်းအတွက် ကမ်းလှမ်းမှုတွေ ရောက်ရှိလာနိုင်သလို မန်စီးတီးဘက်ကလည်း သူ့ကို စာချုပ်သက်တမ်းကုန်ဆုံးချိန်မှသာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုပေးမယ့် အခြေအနေတွေလည်း ရှိလာနိုင်ပါတယ်။ ဒီဘရိုင်းက ၂၀၁၅ ခုနှစ်မှာ အဲ့ဒီအချိန်တုန်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းဖြင့် ဝုဖ်ဘတ်မှ မန်စီးတီးဆီ ရောက်ရှိလာခဲ့ပါတယ်။
သူက မန်စီးတီးက ၃၅၈ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၉၆ ဂိုးသွင်း၊ ၁၅၃ ကြိမ် ဂိုးဖန်တီးပေးခဲ့ကာ ပရီးမီးယားလိဂ်ချန်ပီယံဆု ငါးကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်တို့ကို ပက်ဂွါဒီယိုလာရဲ့အသင်းနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။