The network connection is lost.

Banner Image

အိုနာနာကိုရောင်းချဖို့ ဈေးနှုန်းစတင်သတ်မှတ်လိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာကို ယခုနွေရာသီအတွင်း ရောင်းချနိုင်ဖို့ပြင်ထားတာကြောင့် အခုချိန်မှာ ဈေးနှုန်းစတင်သတ်မှတ်ထားပြီး သတင်းတွေအရ ကလပ်အသင်း ၂ ခုက ကစားသမားကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ 

အိုနာနာဟာ ၂၀၂၃ နွေရာသီမှာ အင်တာမီလန်မှ အိုးလ်ထရက်ဖို့ဒ်သို့စတင်ပြောင်းရွှေ့လာခဲ့ပြီး ၂ ရာသီအတွင်း စုစုပေါင်း ၁၀၁ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။ သို့သော်လည်း အဆိုပါ ၂ ရာသီအတွင်း အသက်-၂၉ နှစ်အရွယ်ဂိုးသမားဟာ သူ့ရဲ့လက်စွမ်းကိုပြသဖို့အတော်လေးရုန်းကန်ခဲ့ရတာကြောင့် ပရိသတ်ဝေဖန်မှုတွေနဲ့ မကြာခဏကြုံတွေ့ထားခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ အသင်းသို့ နည်းပြသစ်ရူဘင်အာမိုရင်ရောက်ရှိလာပြီးနောက် အိုနာနာအနေနဲ့ ယူနိုက်တက်အတွက် အမြဲတမ်းပါဝင်ကစားခွင့်ရဖို့ရုန်းကန်ခဲ့ပြီး ယခုအခါမှာတော့ အသင်းနဲ့လမ်းခွဲတော့မယ်လို့ သတင်းတွေ ဆက်လက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ အိုနာနာအနေနဲ့ အသင်းမှာနေရာရဖို့အတွက် အစွမ်းကုန်တိုက်ပွဲဝင်သွားမယ်ဆိုရင်တော့ ယူနိုက်တက်ဘက်က ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိတယ်လို့သိရပါတယ်။ 

တစ်ဖက်မှာ Daily Mail သတင်းဌာနကတော့ ယူနိုက်တက်ဟာ အိုနာနာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ရရှိပါက လက်လွှတ်ဖို့အဆင်သင့်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ယခုအပြောင်းအရွှေ့ကာလအစောပိုင်းမှာ ပြင်သစ်ကလပ်မိုနာကိုက အိုနာနာကိုခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့ပေမယ့် လက်ရှိဈေးနှုန်းအရတော့ ဝယ်ယူဖို့ တွန့်ဆုတ်နိုင်ပါတယ်။ မိုနာကိုအနေနဲ့ အိုနာနာရဲ့ လစာနဲ့ အသုံးစရိတ်တွေကိုလည်း ပေးချေသွားရမှာဖြစ်လို့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၃၀ အထိ ပေးချေဖို့ ဆန္ဒမရှိပါဘူး။ 

တစ်ချိန်တည်းမှာပဲ ဆော်ဒီပရိုလိဂ်ကလပ် နီယွန်မ်ကလည်း အိုနာနာကိုစိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့ပေမယ့် မကြာသေးမီက နိုက်စ်ဂိုးသမား မာစင်ဘူလ်ကာကို ချိတ်ဆက်မှုတွေပြုလုပ်လာခဲ့တယ်လို့သိရပါတယ်။ ယူနိုက်တက်နဲ့ဆက်လက် လက်တွဲသွားမှာလားလို့ မေးမြန်းခဲ့ရာမှာလည်း အိုနာနာက စောင့်ကြည့်ကြဖို့သာပြောကြားထားတာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အလားအလာရှိနေဆဲဖြစ်ပါတယ်။ 

ယူနိုက်တက်အနေနဲ့ အိုနာနာကိုရောင်းချနိုင်ခဲ့ပါက ဂိုးသမားသစ်နဲ့အစားထိုးဖို့ အက်စတွန်ဗီလာမှ အမ်မီလီယာနိုမာတီနက်ဇ်ကို ပစ်မှတ်ထားနေပြီး အာဂျင်တီးနားသားရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင် ၄၅ သန်းအထိ ရှိနေတယ်လို့သိရပါတယ်။