The network connection is lost.

Banner Image

ကစားသမားဘဝအတွက် ဟန်စီဖလစ်ခ်နဲ့ ဘာစီလိုနာတို့ ကူညီပေးနိုင်မယ့်ပုံစံအကြောင်း ရှင်းပြလာတဲ့ ရက်ရှ်ဖို့ဒ်

၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် ဟန်စီဖလစ်ခ်ရဲ့ဘာစီလိုနာအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရန် ရက်ရှ်ဖို့ဒ် အဆင်သင့်ဖြစ်နေပါပြီ။ ကတ္တလန်ကလပ်အသင်းက လာမယ့်နွေရာသီမှာ ပေါင်သန်း ၄၀ ဖြင့် အပြီးသတ်ဝယ်ယူနိုင်မယ့် သဘောတူညီမှုနဲ့အတူ မန်ချက်စတာယူနိုက်တက်ရဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးကို တစ်နှစ်အငှားခေါ်ယူခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ကိုယ်တိုင်လည်း Vissel Kobe ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ ဘာစီလိုနာရဲ့အောင်ပွဲမှာ အရန်ခုံမှတဆင့် ပါဝင်ကစားခဲ့ပြီး အသင်းဖော်သစ်တွေနဲ့ လေ့ကျင့်ပြင်ဆင်ချိန်နည်းပါးခဲ့ပေမယ့် အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်မျိုး ပြသခဲ့ပါတယ်။ ဟန်စီဖလစ်ခ်ကလည်း သူတို့ရဲ့ချန်ပီယံအသင်းမှာ ရက်ရှ်ဖို့ဒ်ကို ဘယ်လိုပုံစံမျိုးနဲ့ အသုံးပြုနိုင်မလဲဆိုတာ နည်းလမ်းရှာနေလို့ လာမယ့်ခြေစမ်းပွဲစဉ်တွေမှာ အင်္ဂလန်လက်ရွေးစင်အတွက် ပွဲကစားချိန် ပိုမိုရရှိလာနိုင်ပါတယ်။

ရက်ရှ်ဖို့ဒ်အတွက် ဖြစ်နိုင်ချေအရှိဆုံးပွဲထွက်နေရာကတော့ ရာဖင်ဟာကို အလှည့်ကျအသုံးပြုနိုင်မယ့် ဘာစီလိုနာတိုက်စစ်ဘယ်ခြမ်းနေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ အသက်-၂၇ နှစ်အရွယ်ကစားသမားကတော့ အသင်းအတွက်လိုအပ်မယ့် ဘယ်နေရာမှာမဆို ပါဝင်ကစားပေးဖို့ အဆင်သင့်ရှိနေခဲ့ပါတယ်။ Vissel Kobe နဲ့ပွဲစဉ်အပြီး ရက်ရှ်ဖို့ဒ်က “ ကျွန်တော့်ရဲ့ခံစားချက်တွေ အလွန်ကောင်းမွန်နေပါတယ်။ ဒါက ကောင်းမွန်တဲ့စွမ်းဆောင်ရည်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာပရိသတ်တွေရှေ့မှောက် ကစားခွင့်ရရှိလို့ တကယ့်ကို အံ့သြစရာပါပဲ။ ကာယပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက်လည်း အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။

လာမယ့်ပွဲစဉ်တွေကိုလည်း စောင့်မျှော်နေပါပြီ။ ဒီနေ့မှာ ကျွန်တော်တို့အသင်း အနိုင်ရရှိခဲ့ပေမယ့် အသင်းနဲ့အတူ အသားကျသွားဖို့၊ အသင်းရဲ့ကစားဟန်မှာ ပါဝင်ပြီး ခြေစွမ်းပြသနိုင်ဖို့ကသာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်ခြေစွမ်းပြနိုင်အောင် ဟန်စီဖလစ်ခ်ကူညီပေးနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။ အသင်းအတွက် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော် ကစားပေးသွားပါမယ်။ အခွင့်အရေးတွေဖန်တီးပေးမယ်၊ ဂိုးတွေလည်း သွင်းယူနိုင်ဖို့ ကြိုးစားသွားပါမယ်။

ဟန်စီဖလစ်ခ်ပြောသမျှစကားတွေကို ကျွန်တော်နားထောင်ပြီး အသင်းကိုကူညီနိုင်အောင် ပွဲစဉ်တိုင်းမှာ ဒီအချက်တွေကို အသုံးချသွားပါမယ်။ ကျွန်တော်အကြိုက်ဆုံးနေရာလား? ဘယ်တောင်ပံပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်က ဘယ်နေရာမှာမဆို ကစားနိုင်ပါတယ်။ ကျွန်တော့်ရဲ့အားသာချက်တွေအနက် တစ်ခုကတော့ ဘယ်အခန်းကဏ္ဍမှာမဆို ကစားနိုင်စွမ်းရှိတယ်ဆိုတာပါပဲ”လို့ ပြောပါတယ်။ ရက်ရှ်ဖို့ဒ်နဲ့ ဘာစီလိုနာတို့က လာမယ့်ဇူလိုင် ၃၁ ရက်၊ တောင်ကိုရီးယားနိုင်ငံရဲ့မြို့တော်မှာ FC Seoul နဲ့ ထပ်မံရင်ဆိုင်သွားရပါမယ်။