
အီတလီဘောလုံးလောက ရုန်းကန်နေရတဲ့အကြောင်းရင်းကို ထုတ်ဖော်ပြောပြလိုက်တဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက အီတလီဘောလုံးလောကဟာ ခေတ်နောက်ကျကျန်ရစ်နေခဲ့ပြီဖြစ်ပြီး ဒီအချက်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်း သက်သေပြခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ အသက်-၄၅ နှစ်အရွယ်နည်းပြက ချဲလ်ဆီးအတွက် ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံဆုကို ပူပူနွေးနွေးရယူပေးထားပြီး အီတာလျံသတင်းစာ Corriere della Sera နဲ့တွေ့ဆုံချိန် အခုလိုပြောဆိုခဲ့တာပါ။
တဖက်မှာလည်း စီးရီးအေထိပ်သီးအင်တာမီလန်က အခုရာသီ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြင်သစ်ချန်ပီယံပီအက်စ်ဂျီကို ငါးဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ မာရက်စ်ကာက “ ထူးခြားတဲ့ အရှိန်အဟုန်၊ ခွန်အား၊ ဖိအားပေးပုံနဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားပြီး အရမ်းကောင်းတဲ့နည်းစနစ်ပိုင်းဆိုင်ရာဘောလုံးအရည်အသွေးတွေရှိနေတဲ့ လူငယ်အသင်းတစ်ခုရဲ့ လွှမ်းမိုးနိုင်စွမ်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြသခဲ့ပါတယ်။ လူးဝစ်အင်းနရစ်က ကြီးကျယ်ခမ်းနားလှတဲ့ ပီအက်စ်ဂျီအသင်းကို တည်ဆောက်ခဲ့တာပါ။ ဒီလိုပဲ ကျွန်တော်ကိုယ်တိုင်လည်း ချဲလ်ဆီးမှာ ကိုယ့်ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ တည်ဆောက်နိုင်ဖို့ ကြိုးစားနေပါတယ်။
ဒီအကြောင်းပြောပြီးရင်တော့ သုံးနှစ်တာကာလအတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ နှစ်ကြိမ်တိုင်ရောက်ရှိမှုက အင်တာမီလန်အတွက် ကျရှုံးမှုမဟုတ်ဘဲ အောင်မြင်မှုတစ်ခုအဖြစ် မြင်တွေ့ရပါလိမ့်မယ်။ ဆီမြွန်နီအင်ဇာဂီကိုယ်တိုင်လည်း သူလုပ်ပြခဲ့တဲ့အရာတွေအတွက် ဂုဏ်ယူသင့်ပါတယ်။ အထူးသဖြင့် သူက ဘောလုံးကမ္ဘာမှာရှိနေတဲ့ အသိုင်းအဝိုင်းတွေနဲ့မတူညီသော ဂေဟဗေဒစနစ်တစ်ခုအောက်မှာ ဒီလိုအောင်မြင်မှုမျိုးရရှိအောင် လုပ်နိုင်ခဲ့လို့ဖြစ်ပါတယ်။
အီတလီမှာတော့ လူငယ်တွေကို ဦးစားပေးဖို့ထက် အတွေ့အကြုံပိုင်းအားကောင်းသူတွေသာ ပွဲစဉ်တွေကို အနိုင်ရရှိမယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေ ရှိနေတုန်းပါပဲ။ ဒါက အစဉ်အလာရိုးရာရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းနဲ့ပတ်သက်ပြီး မလွဲမသွေဆုံးရှုံးလိမ့်မယ်လို့ အဓိပ္ပါယ်ထွက်ပါတယ်။ အီတလီဘောလုံးကစားဟန်က အခြားကစားဟန်တွေရဲ့အရှိန်အဟုန်ကို လိုက်မီနိုင်ဖို့ ရုန်းကန်နေရပါတယ်”လို့ ပြောပါတယ်။
ဒီအချက်ကို နော်ဝေနဲ့ရင်ဆိုင်ရချိန် သုံးဂိုးပြတ်ရှုံးနိမ့်ကာ စပယ်လက်တီ ထုတ်ပယ်ခံရပြီးနောက် နည်းပြလက်မဲ့ဖြစ်နေတဲ့ အီတလီလက်ရွေးစင်အသင်းကလည်း သက်သေခံပေးနေပါတယ်။ မာရက်စ်ကာက “ အမှန်ပါပဲ၊ လက်ရွေးစင်အသင်းဆိုတာ ကလပ်အသင်းတွေရဲ့လုပ်အားနှုန်းကို ရောင်ပြန်ဟပ်လေ့ ရှိပါတယ်။ ဒါကြောင့် လူငယ်တွေကိုသာ နေရာမပေးဘူးဆိုရင် အသင်းရဲ့ပျှမ်းမျှအသက်အရွယ်ကို ဘယ်လိုပုံစံမျိုးနဲ့ လျှော့ချနိုင်မှာလဲ?
ချဲလ်ဆီးက ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ အသင်းတစ်ခုကို တည်ဆောက်ဖို့ ငွေကြေးတွေ အများကြီးသုံးစွဲထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အကယ်ဒမီကစားသမားတွေကို စီနီယာအသင်းမှာ နေရာပေးရမယ့်ကိစ္စကိုလည်း မမေ့ထားခဲ့ပါဘူး။ သူ့တို့အားလုံးအပေါ် ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်”လို့ ပြောပါတယ်။