
ဘရိုက်တန်ကိုအရေးနိမ့်ပြီးနောက် အဝတ်လဲခန်းထဲကို ဒုတိယအသင်းပိုင်ရှင်ဝင်လာတာနဲ့ပတ်သက်ပြီး မာရက်စ်ကာ ရှင်းလင်း
ဘရိုက်တန်ကိုအရေးနိမ့်ပြီးနောက် ချဲလ်ဆီးအသင်းဒုတိယပိုင်ရှင် အက်ဟာလီ နဲ့ အခြားစီနီယာကစားသမားတွေ အဝတ်လဲခန်းထဲဝင်လာတာဟာ ဘာမှခြားနားမှုမရှိကြောင်း မာရက်စ်ကာက အခိုင်အမာပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ ဘရိုက်တန်နဲ့ပွဲမှာ ဖာနန်ဒက်ဇ်ရဲ့ပထမပိုင်းခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ ချာလိုဘတ်အနီကတ်နဲ့အတူ ပွဲကစားချိန် ၇၇ မိနစ်မှာ ဝဲလ်ဘတ်က ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပါတယ်။
အဲ့နောက် အချိန်ပိုမှာ အနိုင်ဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ချဲလ်ဆီးကို ၂ ပွဲဆက်အရေးနိမ့်စေခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားခဲ့ပြီး တစ်ပွဲကလည်း ဖူလ်ဟမ်နဲ့ပွဲမှာ အခြေအနေရှုပ်ထွေးမှုတွေကနေ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ နည်းပြကတော့ ပွဲပြီးချိန်မှာ အသင်းဒုတိယပိုင်ရှင် အက်ဟာလီ နဲ့အတူ အားကစားဒါရိုက်တာ ပေါလ်တို့ဟာ အဝတ်လဲခန်းကို တိုက်ရိုက်ဝင်သွားခဲ့တယ်လို့ ကြားသိခဲ့ရကြောင်း ဆိုပါတယ်။ ပွဲအပြီးသတင်းစာရှင်းပွဲမှာ မာရက်စ်ကာက အခုလိုအသင်းဒုတိယပိုင်ရှင် အက်ဟာလီဝင်သွားခဲ့တာက ဘာမှမထူးခြားဘူးလို့ ပြောကြားလိုက်ပါတယ်။
“သူတို့အဝတ်လဲခန်းမှာ အမြဲတမ်းရှိနေတာပါ။ ကျွန်တော်တို့ အဝတ်လဲခန်းထဲမှာ ရုံးခန်းရှိပါတယ်။ ပွဲပြီးတိုင်းမှာ ကျွန်တော်တို့ထိုင်ပြီး ပွဲအကြောင်းပြောဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားတွေကို ဘာမှမပြောပါဘူး။ ကျန်တဲ့ပွဲတွေနဲ့ နှိုင်းယှဉ်ဖို့ဆိုတာက လုံးဝကို မခြားနားပါဘူး”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ အဆင့် ၈ နေရာအထိ ကျဆင်းခဲ့ပြီး ဖိအားတွေကြောင့် ရလဒ်ကောင်းဖို့ လိုအပ်နေကာ လီဗာပူးနဲ့ပွဲမတိုင်ခင် ဘင်ဖီကာနဲ့ချန်ပီယံလိဂ်ပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။
ချဲလ်ဆီးအသင်းမှာ ဒဏ်ရာပြဿနာတွေများပြားနေပြီး ပယ်လ်မာကိုလည်း အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်မတိုင်ခင်အထိ လက်လွှတ်ရမှာဖြစ်သလို ဖိုဖာနာ နဲ့ တိုဆင်တို့ကလည်း လာမယ့် ၃ ပွဲလောက်ကို လွဲချော်ဦးမှာဖြစ်ပါတယ်။ ချာလိုဘတ်ကလည်း အနီကတ်ကြောင့် လီဗာပူးနဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး ဆန်းချက်ဇ်ကလည်း ယူနိုက်တက်နဲ့ပွဲမှာ အနီကတ်ထိခဲ့တာဖြစ်ပါတယ်။