
အလွန်ဆိုထံ မရိုသေတဲ့မက်ဆေ့ချ်မျိုးပေးပို့ခဲ့တဲ့ လီဗာပူးအသင်းဖော်ဟောင်း
လီဗာပူးအသင်းစတားဟောင်း မာရှေးယာနိုက အသင်းဖော်ဟောင်း အလွန်ဆိုထံ မရိုသေတဲ့ မက်ဆေ့ချ်မျိုးပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အလွန်ဆိုတစ်ယောက် လေဗာကူဆင်မှာအောင်မြင်ခဲ့ပြီးနောက်အခုနွေမှာ ဂျာမန်မြေကနေထွက်ခွာပြီး အသင်းဟောင်း ရီးရဲလ်ထံ နည်းပြအဖြစ်ပြောင်းရွှေ့ခဲ့ပါတယ်။
၂၀၂၃ - ၂၄ ရာသီတုန်းက ဘိုင်ယန်အသင်းရဲ့လွှမ်းမိုးထားမှုကို လေဗာကူဆင်အသင်းနဲ့အတူ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ အလွန်ဆိုဟာ အန်ဆယ်လော့တီနေရာမှာ အစားဝင်မှာဖြစ်ပါတယ်။ လေဗာကူဆင်မှာ အလွန်ဆိုရဲ့နည်းစနစ် နဲ့ ကစားသမားတိုးတက်မှုနှုန်းက အဆင်ပြေခဲ့သလို လူငယ်တွေနဲ့အတူ အောင်မြင်မှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါအောင်မြင်မှုက ရီးရဲလ်အသင်းကိုမျက်စိကျစေခဲ့ပြီး နည်းပြသစ်ခန့်အပ်ဖို့အထိ ဖြစ်လာစေခဲ့ပါတယ်။ ရီးရဲလ်အသင်းနဲ့အတူ ပြင်ဆင်နေချိန်မှာ အသင်းဖော်ဟောင်း မာရှေးယာနိုက အခုလိုမျိုးမက်ဆေ့ချ်ပေးပို့ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် သူနဲ့စကားမပြောရသေးပါဘူး။ သူက ကျွန်တော်တွဲကစားဖူးသမျှထဲမှာ အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ပါ။ ကျွန်တော် သူအကောင်းဆုံးဖြစ်ပါစေလို့ မဆုတောင်းပေးချင်ပါဘူး။ ဘာလို့လဲဆိုတော့ သူက ရီးရဲလ်နည်းပြဖြစ်နေတာကြောင့်ပါ။ ဒါပေမယ့် သူကအသင်းအတွက် တကယ်အဆင်ပြေမယ့်နည်းပြဖြစ်လာမယ်ဆိုတာ ကျွန်တော်တပ်အပ်ပြောနိုင်ပါတယ်။
လေဗာကူဆင်မှာ သူထိပ်တန်းအဆင့်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူက ကောင်းမွန်တဲ့လူတစ်ဦးဖြစ်သလို ၃ နှစ်တာကာလအတွင်းမှာ သူနဲ့အတူ တကယ်ကောင်းတဲ့အချိန်တွေပိုင်ဆိုင်နိုင်ခဲ့ပါတယ်”လို့ မာရှေးယာနိုက ပြောကြားခဲ့ပါတယ်။ အလွန်ဆိုရဲ့နည်းပြဘဝက ငြင်သာဖွယ်မရှိပဲ ကလပ်ကမ္ဘာ့ဖလားနဲ့စတင်အစမ်းသပ်ခံရမှာဖြစ်ပြီး ဇွန်လ ၁၈ ရက်နေ့မှာ အယ်လ်-ဟီလယ်အသင်းနဲ့စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။