The network connection is lost.

Banner Image

ဂရင်းဝုဒ်ရဲ့ခြေစွမ်းက အခုထက်ပိုပြီးတိုးတက်နိုင်စွမ်းရှိတယ်လို့ ဒီဇာဘီချီးကျူး

မာဆေးလ်နည်းပြ ရော်ဘတ်တိုဒီဇာဘီက တနင်္ဂနွေနေ့က လီဟာ‌ဗေးကို ၆-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၄ ဂိုးအထိသွင်းပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဟာ အခုလက်ရှိခြေစွမ်းထက် ပိုမိုလုပ်ဆောင်နိုင်စွမ်းရှိကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်မှ ၂၀၂၄ ခုနှစ်နွေရာသီမှာ ထွက်ခွာလာခဲ့တဲ့ ဂရင်းဝုဒ်ဟာ ပြင်သစ်မြေမှာ တောက်လျှောက်ခြေစွမ်းပြသနေသူဖြစ်ပြီး ဒီဇာဘီက အင်္ဂလန်သားဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းဝင်ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ဂရင်းဝုဒ်ဟာ ပြင်သစ်လီဂူးရွှေဖိနပ်ဆုကို ဘော်လွန်းဒီအော်ဆုရှင် အူစမန်ဒမ်ဘီလီနဲ့ ပူးတွဲဆွတ်ခူးထားခဲ့တာဖြစ်ပါတယ်။

ယခုရာသီမှာလည်း ဂရင်းဝုဒ်ဟာ မာဆေးလ်ရဲ့တိုက်စစ်အတွက် အလွန်အ‌ရေးပါတဲ့ အသက်သွေးကြောအဖြစ်ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ပြိုင်ပွဲစုံ ၁၀ ပွဲကစားပြီးချိန်မှာ ၇ ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။ ယခု လီဟာဗေးနဲ့ပွဲစဉ်မှာ ၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ဟာ မာဆေးလ်ဂန္ထဝင်ကစားသမား ဂျင်းန်ပီရာပါပင်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၄ ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ ဒီဇာဘီက "မေဆင်ဂရင်းဝုဒ်က ဒီထက်ပိုလုပ်နိုင်စွမ်းရှိပါတယ်။ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေသာမက တိုက်စစ်မှာ သူ့ရဲ့လုပ်နိုင်စွမ်းက ဒီထက်ပိုကောင်းနိုင်ပါတယ်။ သူက ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပြီးသားပါ။ပြီးတော့ သူ့ရဲ့အရည်အသွေးနဲ့ဆိုရင် ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင်ဖြစ်လာနိုင်ပါတယ်။ အသင်းရဲ့လိုအပ်ချက်ကို ကူညီဖြည့်ဆည်းရင်း တိုးတက်လာနိုင်ပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ မာဆေးလ်ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စပို့တင်းနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဂရင်းဝုဒ်တစ်ယောက် သွင်းဂိုးတွေ ဆက်လက်ရရှိသွားမလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ သို့သော်လည်း ကစားသမားရဲ့ နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝကတော့ သေချာရေရာမှုမရှိသေးဘဲ ယူနိုက်တက်ကြယ်ပွင့်ဟောင်းအနေနဲ့ ဂျမေကာနိုင်ငံအတွက် ကိုယ်စားပြုသွားနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်ထားပါတယ်။