
ယူနိုက်တက်ရဲ့ သွင်းဂိုးပြဿနာတွေကို ဖြေရှင်းပေးဖို့ ဖိအားတွေရှိနေပေမဲ့ တုန်လှုပ်နေခြင်းမရှိတဲ့ ကွန်ဟာ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းချက်တွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် အသင်းကို အသစ်ရောက်ရှိလာတဲ့ တိုက်စစ်မှူး မားသီးယက်စ်ကွန်ဟာက စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ နေရာနဲ့ ၄၄ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည် အားနည်းခဲ့ပြီးနောက် နည်းပြ အာမိုရင်က ဂိုးသွင်းနိုင်မယ့် ကစားသမားတွေ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့တာပါ။
ကွန်ဟာကတော့ ယူနိုက်တက်လို ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းတွေထဲက တစ်သင်းမှာ ကစားရတာဟာ ဖိအားမဟုတ်ဘဲ "အခွင့်အရေး" လို့ မြင်ပြီး သူ့ရဲ့ ကစားသမားဘဝအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် မှတ်ယူတယ်လို့ ဆိုပါတယ်။ ကွန်ဟာက "ဒီကလပ်မှာ ဖိအားဆိုတာ တကယ်တမ်း ဖိအားလို့ မယူဆပါဘူး။ ဒါဟာ ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းတွေထဲက တစ်ခုဖြစ်တဲ့အတွက် အခွင့်ထူးတစ်ခုပါပဲ။ ကျွန်တော့်ရဲ့ ကစားသမားဘဝအတွက် စိန်ခေါ်မှုတစ်ခုလို့ ခံစားရပြီး လုပ်ဆောင်ချင်ပါတယ်"လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ကွန်ဟာက"ယူနိုက်တက်က ကျွန်တော့်ရဲ့ အိပ်မက်ကလပ်ပါ။ ရူဘင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတုန်းက သူတို့ အရမ်းအရေးကြီးတဲ့ အရာတစ်ခုကို စတင်တည်ဆောက်နေပြီလို့ ကျွန်တော် ခံစားခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်လည်း ဒီတည်ဆောက်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ချင်ပါတယ်"လို့ ဆိုခဲ့ပါတယ်။