The network connection is lost.

Banner Image

ယူနိုက်တက်သို့မပြောင်းမီ အခြားကလပ်က မန်နေဂျာတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့ အမ်ဘွေမို

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမားသစ် ဘရိုင်ယန်အမ်ဘွေမိုက သူဟာ အိုးလ်ထရက်ဖို့ဒ်သို့မပြောင်းခင်မှာ အခြားကလပ်မှ မန်နေဂျာအချို့နဲ့ အပြောင်းအရွှေ့အတွက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်း ဝန်ခံလာခဲ့ပြီး ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ရဲ့ ပရောဂျက်ကိုသာ အကြိုက်ဆုံးဖြစ်ခဲ့လို့ ယူနိုက်တက်သို့ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ယခုနွေရာသီအတွင်း ယူနိုက်တက်ဟာ အသင်းရဲ့ဒုတိယမြောက်ခေါ်ယူမှုအဖြစ် ဘရန့်ဖို့ဒ်ကြယ်ပွင့် အမ်ဘွေမိုကို ပေါင် ၇၁ သန်းအထိအကုန်ကျခံပြီးခေါ်ယူခဲ့တာဖြစ်ပါတယ်။ အမ်ဘွေမိုကို အခြားပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ နယူးကာဆယ်နဲ့ တော့တင်ဟမ်တို့ကလည်း ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် ကင်မရွန်းသားဟာ ယူနိုက်တက်ကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ အမ်ဘွေမိုက "ကျွန်တော် အခြားအသင်းကမန်နေဂျာတွေနဲ့လည်း ဆွေးနွေးခဲ့ပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ ပရောဂျက်က ကျွန်တော့်အတွက်အရမ်းကောင်းနေလို့ ဒီကိုလာဖို့ပဲ ရွေးခဲ့တာပါ။ ယူနိုက်တက်က အသင်းကြီးတစ်သင်းဖြစ်နေတုန်းပါပဲ။ စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်တဲ့ကျွန်တော့်လိုကစားသမားတစ်ယောက်အတွက် ယူနိုက်တက်ရဲ့ပရောဂျက်တွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီအသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာချင်ပါတယ်"

"အာမိုရင်နဲ့ဆွေးနွေးတုန်းကလည်း သူက အနိုင်ရလိုစိတ်ရှိမှသာ ယူနိုက်တက်ကိုလာခဲ့ပါလို့ ပြောပါတယ်။ သူလုပ်ချင်တဲ့ပုံစံတွေလည်း ပြောပြခဲ့ပြီး ကျွန်တော့်အတွက် အဲဒီအရာတွေက သင့်တော်တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

သတင်းတွေအရ ယူနိုက်တက်ဟာ အမ်ဘွေမိုကိုခေါ်ယူဖို့ ကြန့်ကြာနေခဲ့တာကြောင့် ဘရန့်ဖို့ဒ်ဟာ သူတို့ရဲ့ကစားသမားကို နယူးကာဆယ် ဒါမှမဟုတ် တော့တင်ဟမ်သို့ရောင်းချဖို့ တွန်းအားပေးလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ သို့သော်လည်း ကင်မရွန်းသားက ယူနိုက်တက်သို့သာပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့တာကြောင့် ဘရန့်ဖို့ဒ်အနေနဲ့ အချိန်စောင့်ပြီး အိုးလ်ထရက်ဖို့ဒ်သို့ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ 

အမ်ဘွေမိုက "ပိုကောင်းတဲ့အရာတွေနဲ့ အပြုသဘောဆောင်တဲ့အရာတွေဖြစ်လာဖို့အတွက် စိတ်ရှည်ဖို့လိုပါတယ်။ အဲဒီတုန်း ကျွန်တော် အားလပ်ရက်အပန်းဖြေခရီးထွက်နေခဲ့တာပါ။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အနားယူနေတဲ့အချိန်ပေါ့။ ရုတ်တရက် ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့အတွက် အခွင့်အရေးရလာခဲ့ပြီး ကျွန်တော် ဒီကိုမရောက်ရောက်အောင်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အမ်ဘွေမိုဟာ ယူနိုက်တက်နဲ့ စာချုပ်ချုပ်ပြီးတာနဲ့တပြိုင်နက် အမေရိကန်သို့ခြေစမ်းခရီးစဉ်ထွက်ခွာသွားခဲ့တဲ့ အသင်းရဲ့လူစာရင်းနဲ့ ချက်ချင်းသွားရောက်ပူးပေါင်းခဲ့ပါတယ်။လောလောဆယ်မှာ ကစားသမားဟာ ယူနိုက်တက်နဲ့ပူးပေါင်းထားနိုင်ပြီဖြစ်ပေမယ့် ပွဲဦးထွက်ကစားခွင့်ရဖို့တော့ ကြံ့ခိုင်မှုအခြေအနေတွေကို အကဲဖြတ်နေရဆဲဖြစ်ပါတယ်။ နည်းပြအာမိုရင်ရဲ့ပြောကြားချက်အရ အမ်ဘွေမိုဟာ ဖီအိုရင်တီးနားနဲ့ယှဉ်ပြိုင်သွားရမယ့် နောက်ဆုံးခြေစမ်းပွဲစဉ်မှာတော့ ယူနိုက်တက်အတွက် ပထမဆုံးအကြိမ် ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။