The network connection is lost.

Banner Image

ပင်ကိုယ်ပါရမီစွမ်းရည်နဲ့အတူ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်လာတဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့ ကစားသမားဘဝခရီးလမ်း

ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ ထိပ်တန်းဘောလုံးသမားတစ်ဦးကို မွေးထုတ်ပေးနိုင်သလဲ? ဖလော်ရီယန်ဝစ်ဇ်ရဲ့ ခရီးလမ်းမှာတော့ အနှောင့်အယှက်အချို့မှလွဲ၍ မိဘတွေရဲ့ပံ့ပိုးကူညီမှု၊ သင်ထောက်ကူပစ္စည်းများ လွယ်လင့်တကူရရှိနိုင်မှုတို့က အဓိကကျခဲ့ပါတယ်။ ကိုလုံးမြို့ဆင်ခြေဖုံးဒေသခံကောင်လေးတစ်ဦးအတွက် နေအိမ်မှာ ရုပ်မြင်သံကြားကြည့်ရှုခွင့်တောင် မရရှိခဲ့ပါဘူး။

နေအိမ်ဧည့်ခန်းမှာ တီဗွီကြည့်မယ့်အစား ဖလော်ရီယန်ဝစ်ဇ်နဲ့ အစ်မဖြစ်သူ ဂျူလီယာနီတို့က ဘောလုံးကစားကြပါတယ်။ ဗီဒီယိုဂိမ်းစ်တွေအစား ဖလော်ရီယန်ဝစ်ဇ်က ကိုယ်ခန္ဓာကြံ့ခိုင်မှုလေ့ကျင့်ခန်းသာ လုပ်ဆောင်ပါတယ်။ မော်တော်ကားဖြင့် အပန်းဖြေခရီးသွားဖို့ထက် ဖလော်ရီယန်ဝစ်ဇ်တို့မိသားစုက အနီးပတ်ဝန်းကျင်ဒေသဆီ မကြာခဏဆိုသလို စက်ဘီးဖြင့်သာ လည်ပတ်လေ့ရှိပါတယ်။ 

အမှန်ပါပဲ၊ ဖလော်ရီယန်ဝစ်ဇ်ရဲ့ဇာတ်လမ်းကိုပြောရမယ်ဆိုရင် တယ်လီဗေးရှင်းမကြည့်ရခြင်းထက်တော့ အများကြီး ပိုနေပါသေးတယ်။ ဥပမာအားဖြင့် လူငယ်တစ်ဦးအဖြစ် ဖလော်ရီယန်ဝစ်ဇ်တိုးတက်လာစေဖို့အတွက် ဒေသခံဘောလုံးကလပ်အသင်းတစ်ခုမှာ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ သူ့ရဲ့ဖခင်ကိုယ်တိုင်လည်း အရေးပါနေပြန်ပါတယ်။ ဟန်ဂျိုအာချင်းက ဖလော်ရီယန်ဝစ်ဇ်နဲ့ ဂျူလီယာနီတို့ကို ကွင်းတွင်းမှာ ဘောလုံးကစားဖို့ နာရီပေါင်းများစွာ ခွင့်ပြုပေးခဲ့ပါတယ်။ ဂျူလီယာနီဆိုရင်လည်း အခုအချိန်မှာ ဝါဒါဘရီမင်အသင်းနဲ့အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဖြတ်သန်းနေပါပြီ။ ဖလော်ရီယန်ဝစ်ဇ်မှာ သားဖြစ်သူကို ဘယ်လိုပုံစံမျိုးနဲ့ထိန်းကျောင်းသွားရမယ်ဆိုတာ ကောင်းကောင်းသိနေတဲ့ ကာရင် ဆိုသူ မိခင်တစ်ဦးလည်း ရှိနေပါတယ်။ ဖလော်ရီယန်ဝစ်ဇ်ဆီ ကစားသမားအေဂျင်စီတစ်ခုရဲ့ လက်ဆောင်ပေးပို့စည်းရုံးလာမှုတစ်ခုကို သူမက လက်ဆောင်ထုပ်ပင်ဖွင့်မကြည့်ဘဲ ပယ်ချခဲ့ဖူးပါတယ်။ ဖလော်ရီယန်ဝစ်ဇ်မိသားစုအတွက် အေးဂျင့်တစ်ဦး မလိုအပ်ပါဘူး။ ဒီအစား သူတို့ကိုယ်တိုင်ပဲ ဖလော်ရီယန်ဝစ်ဇ်ရဲ့ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်ပါတယ်။

မအေတူ ဖအေကွဲ၊ ဖအေတူ မအေကွဲ မောင်နှမရှစ်ဦးအပါအဝင် ဖလော်ရီယန်ဝစ်ဇ်မှာ မောင်နှမကိုးဦးအထိ ရှိပါတယ်။ ဒီမောင်နှမသားချင်းတွေအကုန်လုံးကလည်း ဖလော်ရီယန်ဝစ်ဇ်ကို ထိပ်တန်းအဆင့်ရှိဘောလုံးသမား တစ်ဦး ဖြစ်လာမယ့်သူလို့ ငယ်ငယ်ကတည်းကပင် သိရှိထားခဲ့ပါတယ်။ ဒါက အမြင့်ဆုံးအဆင့်ဆီရောက်ရှိဖို့ မျှော်လင့်ချက်တွေကို အံတုနေတဲ့ ကစားသမားတစ်ဦးရဲ့ဇာတ်လမ်းတစ်ပုဒ်တော့ မဟုတ်ပါဘူး။ ဖလော်ရီယန်ဝစ်ဇ်က အမြဲတမ်းလိုလို အခြားသူတွေထက် ခေါင်းတစ်လုံးသာခဲ့ပြီး ထိပ်ဆုံးနေရာအတွက် အစီအစဉ်တကျလုပ်ဆောင်နိုင်သူ ဖြစ်လာပါတယ်။

ဖလော်ရီယန်ဝစ်ဇ်က “ အသက်-၁၈ နှစ်ပြည့်မွေးနေ့မှာ ကျွန်တော့်ရဲ့မူလတန်းကျောင်းသားဘဝမှတ်စုတစ်ခုကို အမေကိုယ်တိုင် ထုတ်ပြလာခဲ့ပါတယ်။ ဒီမှတ်စုထဲမှာ ကျွန်တော်တို့ ဖြစ်ချင်တဲ့အရာကို ချရေးထားပါတယ်။ ကျွန်တော်ရေးချဖြစ်ခဲ့တဲ့ တစ်ခုတည်းသောအရာက ဘောလုံးသမားဆိုတာပါပဲ။ အမှန်တကယ်လည်း ကျွန်တော်က ဘောလုံးသမားဖြစ်ချင်ပြီး အစောပိုင်းကာလတွေမှာဆိုရင် အိမ်ပတ်ဝန်းကျင်မှာရှိတဲ့ ဘောလုံးတွေ၊ ပူပေါင်းတွေ၊ တွေ့သမျှအရာရာတိုင်းကို လိုက်ကန်နေလေ့ရှိပါတယ်”လို့ Werks11 Magazin ဆီ ပြောခဲ့ဖူးပါတယ်။

အသက်-၇ နှစ်အရွယ်မှာတော့ ဖလော်ရီယန်ဝစ်ဇ်က ဒေသခံဘောလုံးကလပ်အသင်းဖြစ်တဲ့ ကိုလုံးဆီ ဆက်သွယ်လာခဲ့ပြီး ကာလတစ်ခုကြာဖြတ်သန်းပြီးနောက် စီနီယာအသင်းကစားသမားတစ်ဦးဖြစ်လာဖို့ အလားအလာကောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ သူက ကိုလုံးရဲ့ဒေသတွင်းပြိုင်ဘက် လေဗာကူဆင်ဆီ အငြင်းပွားဖွယ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ ကိုလုံးအသင်းဘက်ကလည်း ဒီအပြောင်းအရွှေ့နဲ့ပတ်သက်လို့ ကလပ်အသင်းနှစ်ခုအကြား အကယ်ဒမီထုတ်ကုန်မခေါ်ယူရေးဆိုတဲ့ လူကြီးလူကောင်းကတိကဝတ်ဖောက်ဖျက်မှုအဖြစ် အတိအလင်းစွပ်စွဲခဲ့ပါတယ်။ တဖက်မှာလည်း လေဗာကူဆင်က ကိုလုံးနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဖလော်ရီယန်ဝစ်ဇ်ကို လျစ်လျူရှုလိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ပဲ ရိုးရိုးရှင်းရှင်းယူဆခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့မှာ ထဲထဲဝင်ဝင်ပတ်သက်ဖူးတဲ့ ဂျာမန်သတင်းရင်းမြစ်တစ်ဦးက “ ဂျာမန်ကလပ်တွေအားလုံး ဖလော်ရီယန်ဝစ်ဇ်ကို လိုချင်ခဲ့ပြီး ကစားသမားရဲ့မိသားစုဆီလည်း ချိတ်ဆက်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့မိသားစုက ဒီဒေသမှာပဲ ဆက်နေချင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ဆီ ဖလော်ရီယန်ဝစ်ဇ် မရောက်ရှိခဲ့တာပါ”လို့ Telegraph Sport ဆီ ပြောပြပါတယ်။

အသက်-၁၆ နှစ်အရွယ် အကယ်ဒမီကစားသမားတစ်ဦးအဖြစ် လေဗာကူဆင်ဆီ ရောက်ရှိလာပေမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ပီတာဘော့ဇ်ရဲ့စီနီယာအသင်းအတွက် ကစားပေးဖို့ အခွင့်အလမ်းတစ်ခု ရရှိလာခဲ့ပါတယ်။ အေဂျက်စ်၊ ဒေါ့မွန်၊ လိုင်ယွန်တို့မှာ တာဝန်ယူခဲ့ဖူးတဲ့ ဘော့ဇ်အတွက် ထူးရှယ်ပါရမီရှင်တစ်ဦး သူ့လက်ထဲမှာ ရောက်ရှိနေပြီဆိုတာ သိနားလည်ဖို့ လေ့ကျင့်ရေးအစီအစဉ်တစ်ခုသာ လိုအပ်ခဲ့ပါတယ်။

အဲ့ဒီတုန်းက ပိုလန်မဂ္ဂဇင်း Asystent Trenera နဲ့တွေ့ဆုံချိန် ဘော့ဇ်က “ အသက်-၁၆ နှစ်အရွယ်ပဲရှိသေးသူက ဘောလုံးဆုံးရှုံးမှုတစ်ကြိမ်မှ မရှိခဲ့ပါဘူး။ ကျွန်တော် သူ့ကို စောင့်ကြည့်ခဲ့ပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ပါတယ်။ ဒါ ဘာကြီးလဲပေါ့။ ခက်ခဲတဲ့ဘောလုံးပေးပို့လာမှုတိုင်းကို သူက တစ်ချက်ပဲထိပြီး ရအောင်ထုတ်ယူနိုင်ခဲ့ပါတယ်။ ဝိုး…..။ အခုကျွန်တော်ပြောနေတဲ့စကားလုံးတွေကို မှတ်သားထားပေးပါ။ တစ်နေ့မှာ ဖလော်ရီယန်ဝစ်ဇ်က ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဖြစ်လာပါလိမ့်မယ်။ သူ ဘော်လွန်းဒီအော်ဆု ရရှိပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

ဖလော်ရီယန်ဝစ်ဇ်က အသက် ၁၇ နှစ်၊ ၁၅ ရက်အရွယ်မှာ ဘွန်ဒက်စ်လီဂါပွဲဦးထွက် ပါဝင်ကစားပြီး ကိုင်ဟားဗက်ဇ်ရဲ့လိဂ်ပြိုင်ပွဲဝင်အသက်အငယ်ဆုံးလေဗာကူဆင်ကစားသမားစံချိန်ကို ကျော်ဖြတ်ခဲ့ပါတယ်။ သီတင်းပတ်အနည်းငယ်အကြာမှာပဲ သူက ဘွန်ဒက်စ်လီဂါသမိုင်းတလျှောက် အသက်အငယ်ဆုံးသွင်းဂိုးရှင် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှစပြီး ဖလော်ရီယန်ဝစ်ဇ်က ဖြတ်သန်းခဲ့တဲ့ဘောလုံးရာသီတိုင်းမှာ ထိရောက်မှုအပြည့်နဲ့ တိုးတက်မှုကို ပြသနိုင်ခဲ့ပါတယ်။

ဖလော်ရီယန်ဝစ်ဇ်ရဲ့ကစားသမားဘဝလမ်းကြောင်းကို ကြည့်လိုက်မယ်ဆိုရင် ၂၀၂၂ ခုနှစ်၊မတ်လမှာ ခံစားရတဲ့ ပြင်းထန်ဒူးဒဏ်ရာက တစ်ခုတည်းသောအတားအဆီးဖြစ်ပုံရပါတယ်။ ကစားသမားဘဝဆုံးရှုံးရနိုင်တဲ့ ဒဏ်ရာမျိုးမှ ပြန်လည်ရုန်းထလာပြီးနောက် ဖလော်ရီယန်ဝစ်ဇ်က အထင်ကြီးလောက်စရာ ကွင်းတွင်းဖန်တီးနိုင်မှုစွမ်းရည်ကို ပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ခုအတွင်းမှာလည်း ဖလော်ရီယန်ဝစ်ဇ်က ကလပ်နဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ပွဲ ၁၀၀ ကျော် ပါဝင်ကစားပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပင် အများစုရဲ့အမြင်မှာ သူ့ကို လက်ရှိဂျာမန်ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဇာဘီအလွန်ဆိုရဲ့ ဦးဆောင်မှုနဲ့အတူ လေဗာကူဆင်အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ဂျာမန်ထိပ်တန်းလိဂ်ချန်ပီယံဆု ဆွတ်ခူးတဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ဘွန်ဒက်စ်လီဂါအကောင်းဆုံးကစားသမားဆုကိုလည်း ဖလော်ရီယန်ဝစ်ဇ်ပဲ သိမ်းပိုက်သွားခဲ့ပါတယ်။

ဖလော်ရီယန်ဝစ်ဇ်က ဘောလုံးကို အနုပညာမြောက်စွာ ကစားနိုင်သလို ဘောလုံးဆုံးရှုံးသွားချိန်မှာလည်း သားရဲတစ်ကောင်လို ပြုမူလှုပ်ရှားလေ့ရှိပါတယ်။ ၂၀၂၄-၂၀၂၅ ရာသီအတွက် သူက တစ်ဦးချင်းကျော်ဖြတ်မှု အအောင်မြင်ဆုံးဘွန်ဒက်စ်လီဂါကစားသမားအဖြစ် ရပ်တည်ခဲ့သလို ပြိုင်ဘက်ခံစစ်ဇုန်ထဲမှာ ဘောလုံးပိုင်ဆိုင်မှုပြန်လည်ရယူနိုင်မှုအကြိမ်ရေအများဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ အခုလို တိုက်စစ်ပိုင်းကျွမ်းကျင်မှုနဲ့ ခံစစ်ပိုင်းလုပ်အားနှုန်းရောစပ်ထားတဲ့ပုံစံက လီဗာပူးအသင်းရဲ့ကစားပုံနဲ့ လုံးဝအံဝင်ခွင်ကျဖြစ်နေပါလိမ့်မယ်။

ပြီးခဲ့တဲ့မေလအတွင်း အလွန်ဆိုက “ အခုဆိုရင် ဖလော်ရီယန်ဝစ်ဇ်ဟာ ကမ္ဘာ့အဆင့်ထိပ်တန်းဘောလုံးသမား တစ်ဦး ဖြစ်လာပါပြီ။ ကမ္ဘာ့အဆင့်အရည်အသွေးတွေ ပိုင်ဆိုင်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။