The network connection is lost.

Banner Image

တော့တင်ဟမ်မှာ ဗန်ဒီဗန်အတွက် ကြီးမားတဲ့အနာဂတ်ရှိနေတယ်လို့ ပြောကြားလာတဲ့ ဖရန့်ခ်

တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က အသင်းရဲ့အဓိကနောက်ခံလူ မစ်ကီဗန်ဒီဗန်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပြီး ကစားသမားဟာ အသင်းမှာ ကြီးမားတဲ့အနာဂတ်ရှိနေတယ်လို့ ပြောကြားလာခဲ့ပါတယ်။  တော့တင်ဟမ်ရဲ့ဗဟိုခံစစ်မှူးတစ်ဦးဖြစ်တဲ့ ဗန်ဒီဗန်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အဲဗာတန်ကို ၀-၃ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားဟာ ဒီရာသီမှာ တော့တင်ဟမ်အတွက်ပါဝင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲအတွင်း သွင်းဂိုး ၅ ဂိုးအထိရရှိထားပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါပွဲစဉ်မှာ ခရစ်ရှန်ရိုမဲရိုးက ဒဏ်ရာပြဿနာနဲ့ရုန်းကန်နေရပြီး ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိလို့ ဗန်ဒီဗန်ဟာ တော့တင်ဟမ်ရဲ့အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ပြီးကစားခဲ့တာလည်းဖြစ်ပါတယ်။ နယ်သာလန်လက်ရွေးစင်ဟာ ၂၀၂၃ ခုနှစ်မှာ တော့တင်ဟမ်သို့စတင်ရောက်ရှိလာကတည်းက ထိပ်တန်းခြေစွမ်းကို ဆက်တိုက်ထိန်းသိမ်းထားနိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အသင်းနဲ့အတူ ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ 

ခြေစွမ်းပြသနေတဲ့ ဗန်ဒီဗန်ကို ရီးရဲလ်မက်ဒရစ်အပါအဝင် ဥရောပထိပ်သီးကလပ်တွေက ပစ်မှတ်ထားစောင့်ကြည့်နေကြပေမယ့် ဖရန့်ခ်ကတော့ ကစားသမားဟာ အသင်းမှာ ကြီးမားတဲ့အနာရှိနေကြောင်း ပြောကြားလာခဲ့ပါတယ်။ ဖရန့်ခ်က "မစ်ကီခြေစွမ်းကောင်းတွေပြသနေလို့ ကျွန်တော်ဝမ်းသာပါတယ်။ သူက အသင်းကိုစရောက်လာကတည်းက တည်ငြိမ်တဲ့ခြေစွမ်းကိုပြသထားသူဖြစ်ပြီး ဒီရာသီမှာတော့ ပိုကောင်းလာခဲ့တယ်လို့ထင်ပါတယ်။ သူက ဂိုးတွေသွင်းနေပေမယ့် ခံစစ်ကစားပုံက ပိုတောင်ကောင်းသေးတယ်လို့ ကျွန်တော်ထင်ပါတယ်"

"သူက အသင်းရဲ့ တည်ကန်ဘောတွေမှာ အရမ်းအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ခေါင်းတိုက်စွမ်းရည်လည်း အတော်လေးပြည့်ဝပါတယ်။ တစ်ချိန်တည်းမှာပဲသူက ခေါင်းဆောင်နိုင်စွမ်းလည်းရှိနေတော့ အသင်းရဲ့ ခေါင်းဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့သူ့ကို ကောင်းမွန်တဲ့စာချုပ်နဲ့ထိန်းသိမ်းထားနိုင်လို့ တော့တင်ဟမ်မှာ သူ့အတွက်အရမ်းကောင်းတဲ့အနာဂတ်ရှိနေပါတယ်"

"ကျွန်တော်တို့အားလုံး သူ့ကိုသဘောကျသလို၊ သူကလည်း ဒီမှာရှိရတာပျော်ရွှင်နေလို့ အနာဂတ်မှာပဲ ဘာဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။ သူအခုလိုခြေစွမ်းကောင်းကိုထိန်းသိမ်းထားနိုင်ခြင်းရဲ့ အဓိကသော့ချက်ကတော့ ဘောလုံးကစားရရင်ပျော်ရွှင်တဲ့အချက်ကြောင့်ပါပဲ။ သူက အသင်းအတွက်ပေးဆပ်ဖို့ကြိုးစားနေသလို၊ တစ်သင်းလုံးနဲ့လည်း ဆက်ဆံရေးကောင်းနေလို့ ဒါက ကောင်းမွန်တဲ့လက္ခဏာတစ်ခုဖြစ်စေပါတယ်" လို့ပြောကြားခဲ့ပါတယ်။