
ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လိုအပ်တာတွေအကုန်ရှိတဲ့အသင်းတွေထဲကတစ်သင်းလို့ အာတီတာ အခိုင်အမာဆို
အာဆင်နယ်နည်းပြ အာတီတာက မိမိတို့အသင်းဟာ လာမယ့် ၂၀၂၅ - ၂၆ ရာသီပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်မယ့်လိုအပ်တာတွေရှိတဲ့အသင်း ၉ သင်းထဲက ၁ သင်းလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၁၂၀ အသုံးပြုထားခဲ့ပြီး ကစားသမား ၄ ဦးအထိ ခေါ်ယူထားနိုင်ခဲ့သလို စပို့တင်စတား ယိုကရက်စ်ကိုလည်းခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
လာမယ့်ရာသီသစ်စတင်ဖို့ ၁ လလောက်သာလိုအပ်တော့တာဖြစ်ပြီး အာတီတာက အခုရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ စပိန်သားနည်းပြက မိမိတို့အသင်းဟာ လာမယ့်ရာသီချန်ပီယံဆုစိန်ခေါ်နိုင်မယ့်အသင်းတွေထဲကတစ်သင်းလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့ ဘယ်လောက်တိုးတက်လာလဲဆိုတာကို နှစ်တိုင်းမြင်နေရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရင့်ကျက်မှု ၊ အတွေ့အကြုံ ၊ ငယ်ရွယ်မှု ၊ ဆာလောင်မှု အားလုံးမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေပါတယ်။ ဆုဖလားအောင်မြင်မှုရယူနိုင်ဖို့လည်း မှန်ကန်တဲ့အရာတွေရှိနေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ထိန်းချုပ်နိုင်တာကိုအာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ရာသီအကုန်မှာ ကျွန်တော်တို့ အောင်မြင်မှုလိုချင်ပါတယ်။
ဒီနှစ်မှာ ကျွန်တော်တို့ ဆုဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်မယ်လို့ ထင်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်လာပါတယ်။ အဆင့်အတန်းလည်းမြင့်လာပါတယ်။ ကျွန်တော်တို့ကိုကျွန်တော်တို့ တောင်းဆိုမှုတွေမြင့်မားရမယ်ဆိုတာ သိပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ဈေးကွက်ထဲမှာ ခပ်သွက်သွက်လှုပ်ရှားဖို့ လိုအပ်ပါတယ်။ အသင်းကို တိုးတက်နိုင်စေတဲ့ကစားသမားတွေရှိနေပြီးသားပါ။ ရာသီကြိုအတွက်ကော ရာသီသစ်အတွက် မှန်ကန်တဲ့အရာတွေရှိနေပါပြီ။
ရာသီသစ်အတွက် အကောင်းဆုံးစတင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ရာသီတုန်းကအကြောင်း သူတို့ပြောနေကြပါတယ်။ ပထမဆုံးနေ့မှာ တံခါးကိုဖြတ်သွားပြီး အိုကေ ငါတို့ဘယ်လိုလုပ်ရင်ပိုကောင်းလာနိုင်မလဲ?။ ဘယ်လိုဆက်လုပ်ရမလဲ? ဆိုတာတွေတွေးရပါမယ်။
မနှစ်က ကျွန်တော်တို့ ကြီးမားတဲ့ပြိုင်ပွဲ ၂ ခုစလုံးမှာ နီးစပ်ခဲ့ပါတယ်။ ကျွန်တော်တို့ နောက်တစ်ဆင့်တက်ချင်ပါတယ်။ အဲ့အတွက် လိုအပ်တဲ့အချက်အလက်တွေအကုန်ရှိနေပါတယ်။ အောင်မြင်မှုရအောင် တွန်းအားပေးရပါမယ်”လို့ အာတီတာက ဖြေကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ အေစီမီလန်နဲ့ ရာသီကြိုခြေစမ်းပွဲစတင်ကစားမှာဖြစ်ပါတယ်။