The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ပွဲက ၁၉ နှစ်အတွင်း အခက်ခဲဆုံးပွဲဖြစ်လာနိုင်တယ်လို့ အာတီတာပြော

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ဟာ လွန်ခဲ့တဲ့ ၁၉ နှစ်အတွင်း အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ပွဲစဉ်တွေထဲမှာ အခက်ခဲဆုံးပွဲစဉ်တစ်ခုဖြစ်လာနိုင်တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

ကလပ်သမိုင်းတစ်လျှောက် ဥရောပဖလားကို တစ်ကြိမ်မှဆွတ်ခူးနိုင်ခဲ့ဖူးခြင်းမရှိတဲ့ အာဆင်နယ်ဟာ ယခုရာသီမှာတော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းထားနိုင်ခဲ့ပြီဖြစ်သလို၊ ကွာတားဖိုင်နယ်အဆင့်မှာလည်း လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို ၂ ကျော့စလုံးအနိုင်ကစားပြီး ဖြုတ်ချထားနိုင်ခဲ့လို့ ဆုဖလားအတွက် အလားအလာရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ အာတီတာက ပီအက်စ်ဂျီနဲ့ပွဲစဉ်ဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အခက်ခဲဆုံး အိမ်ကွင်းပွဲစဉ်ဖြစ်လာနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ အာတီတာက "ဒီပွဲရဲ့စွမ်းအင်ကို ခံစားမိပါလိမ့်မယ်။ အရမ်းထူးခြားပါတယ်။ အမ်းမရိတ်စ်ကိုတည်ဆောက်ခဲ့ပြီးနောက်ပိုင်း ဒီပွဲက အမ်းမရိတ်စ်ရဲ့ အခက်ခဲဆုံးပွဲစဉ်ဖြစ်လာနိုင်ပါတယ်။ မနက်ဖြန်ပွဲအတွက် မစောင့်နိုင်တော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

အသင်းရဲ့ကစားသမားတွေကိုလည်း အာတီတာက "ဒီအဆင့်ကိုရောက်လာတယ်ဆိုတာ ကျွန်တော်တို့အသင်းက ဥရောပရဲ့အကောင်းဆုံး ၄ သင်းထဲမှာ ပါဝင်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ဒါကပဲ အသင်းရဲ့စိတ်ဓာတ်နဲ့ ခွန်အားကို တွန်းအားပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ သမိုင်းတစ်ခုကို ဖန်တီးဖို့ကြိုးစားနေပါတယ်။ လှပတဲ့ ပုံပြင်တစ်ခုဖြစ်ခဲ့ပြီးဖြစ်ပေမယ့် ကျွန်တော်တို့ အခုထက်ပိုလိုချင်ပါသေးတယ်။ ဒီအသင်းမှာ နှစ်တွေအကြာကြီးအလုပ်လုပ်ခဲ့တဲ့ လူတစ်ချို့ကလည်း ဒီအဆင့်ထိ မရောက်ခဲ့ဖူးပါဘူး။ ဒါကြောင့် ဒီနှစ်က ထူးခြားပြီးလှပပါတယ်" လို့တွန်းအားပေးပြောကြားခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ယခုပွဲစဉ်ကို အကောင်းဆုံးယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း အာဆင်နယ်ကို သတိပေးစကားဆိုလာခဲ့ပါတယ်။ အင်းနရစ်က အသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက အာဆင်နယ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ဖူးပေမယ့် အခုချိန်မှာတော့ အများကြီးတိုးတက်ကောင်းမွန်လာကြောင်း ပြောကြားခဲ့ပါတယ်။ 

အင်းနရစ်က "လွန်ခဲ့တဲ့ ၈ လလောက်က ကျွန်တော်တို့ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ကျွန်တော် အဲဒီပွဲကို ပြန်ကြည့်ပြီးပါပြီ။ အခုချိန်မှာတော့ အသင်းက အဲဒီအချိန်ကထက် အများကြီးပိုကောင်းလာပါတယ်။ ပီအက်စ်ဂျီက ချန်ပီယံလိဂ်ဖလားမရဖူးသလို၊ အာဆင်နယ်လည်း အတူတူပါပဲ။ ကျွန်တော်တို့ကို ရပ်တန့်လို့မရအောင် ယှဉ်ပြိုင်သွားမှာပါ။ ကျွန်တော်တို့လုပ်ဖို့လိုအပ်တာကို အာရုံစူးစိုက်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။