ဒဏ်ရာပြဿနာ မသက်သာတာကြောင့် ပြန်ကစားနိုင်ဖို့ အချိန်ပေးရဦးမယ့် ဝစ်ဆာ
နယူးကာဆယ်တိုက်စစ်မှူးသစ် ဝစ်ဆာဟာ နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်တွေမတိုင်မီ အသင်းအတွက်ကစားပေးနိုင်မယ်လို့ ယူဆခဲ့ပေမယ့် ယခုအခါမှာ ဒဏ်ရာမသက်သာတာကြောင့် အချိန်ပေးရဦးမယ်လို့သိရပါတယ်။
နယူးကာဆယ်ဟာ ဝစ်ဆာကိုပြီးခဲ့တဲ့နွေရာသီက ဘရန့်ဖို့ဒ်မှ ပေါင် ၅၅ သန်းနဲ့ခေါ်ယူခဲ့ပေမယ့် ကစားသမားဟာ ရာသီကြိုမှာပဲ ဒဏ်ရာရခဲ့တာကြောင့်ယခုချိန်အထိ အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ ဝစ်ဆာဟာ အသင်းဖော်တွေနဲ့ လေ့ကျင့်ရေးဆင်းနေတာကြောင့် မကြာမီမှာပဲစတင်ကစားနိုင်မယ်လို့မျှော်လင့်ခဲ့ပေမယ့် ယခုအခါမှာ နည်းပြ အက်ဒီဟိုဝီက ကစားသမားပြန်လာနိုင်မယ့်အချိန်ကို မသိရှိသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ဟိုဝီက "တနင်္ဂနွေနေ့ပွဲ ဝက်စ်ဟမ်းနဲ့ပွဲမှာ သူကစားနိုင်ဦးမှာမဟုတ်ပါဘူး။ ပြန်လာနိုင်ဖို့အရမ်းကြိုးစားနေပေမယ့် အဆင်သင့်မဖြစ်သေးပါဘူး။ ကြံ့ခိုင်မှုပြန်ကောင်းဖို့အတွက် သူက လိုအပ်တဲ့လေ့ကျင့်ခန်းတွေလုပ်သွားရပါဦးမယ်"
"ဒဏ်ရာက အတော်ကောင်းနေပြီဆိုပေမယ့် ကြံ့ခိုင်မှုပိုင်းမှာ အတော်အားနည်းနေတာပါ။ အသင်းဖော်တွေနဲ့ လေ့ကျင့်ရေးဆင်းနေပေမယ့် အပြည့်အဝတော့မဟုတ်ပါဘူး။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော့်အနေနဲ့လည်း သူပြန်ကစားနိုင်မယ့်အချိန်ကို အခုထိမသိသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်ဟာ ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နောက်အပတ်တနင်္ဂနွေနေ့မှာတော့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပေမယ့် နည်းပြအက်ဒီဟိုဝီရဲ့ပြောကြားချက်အရ ဝစ်ဆာဟာ အဆိုပါပွဲစဉ် ၂ ပွဲစလုံးကိုလည်း လွဲချော်သွားဖွယ်ရှိပါတယ်။
ဆက်လက်ပြီး ဟိုဝီက ဝစ်ဆာဟာ နိုဝင်ဘာလနှောင်းပိုင်းအထိ ပြန်ကစားနိုင်ဦးမှာမဟုတ်ဘူးလို့ ခန့်မှန်းထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဟိုဝီက "သူ့မှာ အရမ်းအားကောင်းတဲ့ခြေစွမ်းခြေစနဲ့ ဦးဆောင်နိုင်စွမ်းရှိပါတယ်။ အခုချိန်ကတည်းက သူက အသင်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာမယ်ဆိုတာကို မြင်တွေ့နေရပါတယ်။ နိုဝင်ဘာလ နှောင်းပိုင်းမှာတော့ သူလေ့ကျင့်ရေးပုံမှန်လုပ်နိုင်လောက်ပါပြီ။ သူ့ရဲ့တန်ကြေးနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးပြသနိုင်ကြောင်း သက်သေပြသွားမယ့်သူပါ" လို့ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့ ဝက်စ်ဟမ်းနဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ နယူးကာဆယ်အနေနဲ့ အနိုင်ရလဒ်ကိုဆက်လက်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။