
ယူနိုက်တက်နည်းပြဘဝ ပထမရာသီမှာ ကျရှုံးခဲ့ကြောင်း အာမိုရင်ဝန်ခံ
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အသင်းဟာ ယူရိုပါလိဂ်ဆုဖလားကို ရရှိဖို့ အလားအလာရှိနေသေးပေမယ့် သူ့အတွက်တော့ ယခုနှစ်ရာသီဟာ ကျရှုံးတဲ့ရာသီတစ်ခုဖြစ်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ယခုရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာအတွင်းရပ်တည်နိုင်ခဲ့ခြင်းမရှိသလို၊ အက်ဖ်အေနဲ့ ကာရာဘောင်ဖလားပြိုင်ပွဲတွေမှ စောစောစီးစီးထွက်ခွာထားခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း အာမိုရင်ရဲ့အသင်းဟာ ကာရာဘောင်ဖလားပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းထားနိုင်လို့ ဆုဖလားအတွက် အခွင့်အရေးရှိနေတယ်လို့ ဆိုရပါမယ်။
ယခုအခါမှာ အာမိုရင်က “ယူရိုပါလိဂ်ပြိုင်ပွဲက ဒီရာသီမှာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတယ်ဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်တို့အတွက် အဖတ်ဆယ်စရာဘာမှမကျန်တော့ပေမယ့် ဒီပြိုင်ပွဲက ကြီးမားတဲ့ ပြိုင်ပွဲပါ။ ဆုဖလားတစ်လုံးရပြီး နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုရင် ကျွန်တော်တို့အတွက် ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ လိုင်ယွန်ကို အကြိတ်အနယ်နောက်ကနေလိုက်ကစားပြီး Epic Come Back နဲ့ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ လိုင်ယွန်နဲ့ပွဲစဉ်မှာ ယူနိုက်တက်ဟာ ၂ ဂိုးပြတ်ဦးဆောင်ခဲ့ပြီးမှ ၄ ဂိုးအထိ ပြန်ပေးခဲ့ရပေမယ့် နောက်ကနေ ၃ ဂိုးလိုက်သွင်းပြီး အနိုင်ယူကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။
သောကြာနေ့နံနက်မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဘီလ်ဘာအိုကို စပိန်မြေမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။