ဖလာမင်ဂိုနဲ့ရင်ဆိုင်ရမယ့်ဗိုလ်လုပွဲမှာ သမိုင်းသစ်ရေးထိုးသွားဖို့ ရည်မှန်ထားတဲ့ ပီအက်စ်ဂျီ
ချန်ပီယံလိဂ်ဆုဖလားကြီးကိုင်မြှောက်နိုင်ရေး နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရမှုကို အဆုံးသတ်ပြီးနောက် ပီအက်စ်ဂျီက အသင်းသမိုင်းတလျှောက် ပထမဆုံးအင်တာကွန်တီနန်တယ်ဆုဖလားကို သိမ်းပိုက်ကာ ၂၀၂၅ ခုနှစ်ကို ပိတ်သိမ်းသွားနိုင်ဖို့ ရည်မှန်းနေပါတယ်။
ပီအက်စ်ဂျီက ဒီနေ့ညပိုင်းမှာ အင်တာကွန်တီနန်တယ်ဖလားဗိုလ်လုပွဲအဖြစ် တောင်အမေရိကချန်ပီယံ ဘရာဇီးပြည်တွင်းကလပ် ဖလာမင်ဂိုနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။ ၂၀၀၄ ခုနှစ်မတိုင်ခင်အထိ နှစ်ပေါင်း ၄၀ ကျော်ကြာကျင်းပခဲ့တဲ့ အင်တာကွန်တီနန်တယ်ဖလားပြိုင်ပွဲမှာ ပြင်သစ်ပြည်တွင်းကလပ်အသင်းတွေ ဗိုလ်မစွဲခဲ့ဖူးပါဘူး။ ၂၀၀၄ ခုနှစ်နောက်ပိုင်းမှာတော့ ဒီပြိုင်ပွဲကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် အမည်ပြောင်းလဲခဲ့ပါတယ်။
ဖီဖာက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း-၃၂ ခုပါ ပြိုင်ပွဲအဖြစ် အသွင်ပြောင်းလဲပြီးနောက် ပြီးခဲ့တဲ့နှစ်မှာ အင်တာကွန်တီနန်တယ်ဖလားပြိုင်ပွဲကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။ ပီအက်စ်ဂျီက အခုနှစ်၊ မေလအတွင်း သူတို့ရဲ့ပထမဆုံးချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်ပြီးနောက် ဇူလိုင်လ၊ အမေရိကန်မြေမှာကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပါတယ်။
ဒိုဟာမှာကျင်းပမယ့်ဗိုလ်လုပွဲမတိုင်ခင် ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က “ ယမန်နှစ်ဘောလုံးရာသီမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့အရာတွေကို အခြေခံပြီး ဆက်လက်တည်ဆောက်သွားဖို့ အာရုံစိုက်နေပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သမိုင်းသစ်ရေးထိုးဖို့ဆိုတာ ရည်မှန်းချက်တစ်ခု ဖြစ်ခဲ့ပြီး သမိုင်းသစ်တွေကို ဆက်လက်ရေးထိုးသွားချင်ပါတယ်။ ဗိုလ်လုပွဲတိုင်း မတူညီကြပါဘူး။ ဖလာမင်ဂိုဆိုတာ အရမ်းကောင်းတဲ့အသင်းတစ်ခုဖြစ်လို့ ခက်ခဲတဲ့ဗိုလ်လုပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။
တဖက်မှာလည်း ဖလာမင်ဂိုက သူတို့အသင်းတလျှောက် ဒုတိယမြောက်အင်တာကွန်တီနန်တယ်ဆုဖလားကို ရှာဖွေဖို့ ကြိုးပမ်းနေပါတယ်။ သူတို့တွေက ဘရာဇီးဂန္တဝင် ဇစ်ကို၊ ဂျူနီယာတို့ပါဝင်တဲ့ အသင်းတစ်ခုနဲ့အတူ ၁၉၈၁ ခုနှစ်မှာ လီဗာပူးကိုအနိုင်ယူပြီး အင်တာကွန်တီနန်တယ်ဖလားချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ဖူးပါတယ်။ ဒါ့အပြင် ဖလာမင်ဂိုက အခုနှစ်အတွင်း ကိုပါလစ်ဘာတေးဒိုးစ်ချန်ပီယံဆုနဲ့ ဘရာဇီးအမှတ်ပေးဖလားချန်ပီယံဆုတို့ကို သိမ်းပိုက်ထားနိုင်ပါတယ်။
ဒီနှစ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီက ဥရောပချန်ပီယံအဖြစ် ဗိုလ်လုပွဲဆီ တိုက်ရိုက်ပါဝင်ခွင့် ရရှိခဲ့ပေမယ့် ဖလာမင်ဂိုကတော့ ဗိုလ်လုပွဲတက်ရောက်နိုင်ရေးအတွက် မက္ကဆီကိုကလပ် ခရုအဇူလ်နဲ့ အီဂျစ်ကလပ် ပိရမစ် တို့ကို အနိုင်ယူကျော်ဖြတ်ခဲ့ပါတယ်။
တောင်အမေရိကကလပ်အသင်းတွေက ဥရောပကလပ်အသင်းတွေထက် ဒီပြိုင်ပွဲအပေါ် ပိုမိုအလေးအနက်ထားလေ့ရှိပေမယ့် ပီအက်စ်ဂျီကတော့ စနေညပိုင်း၊ မက်ဇ်ကို ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ အဓိကကစားသမားအများအပြား အနားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပချန်ပီယံတွေမှာ ဒဏ်ရာပြဿနာတစ်ခုကြောင့် ညာနောက်ခံလူဟာကီမီ မပါဝင်လာခဲ့ပါဘူး။
ဖလာမင်ဂိုရဲ့ဝါရင့်ဘယ်နောက်ခံလူအဲလက်စ်ဆန်ဒရိုက “ ပီအက်စ်ဂျီအသင်း ဘယ်လောက်အထိ ခိုင်မာအားကောင်းသလဲဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ ဒီပြိုင်ပွဲမှာဆိုရင် သူတို့တွေက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအချက်အလက်တွေကြောင့် ကျွန်တော်တို့ရဲ့ယုံကြည်မှု လျော့ကျသွားစရာ မရှိပါဘူး။
ဒီပွဲစဉ်က ကျွန်တော်တို့အတွက် ထူးရှယ်ပွဲစဉ်တစ်ခုပါ။ ဒါကြောင့် ကွင်းတွင်းမှာ ပွဲချိန်မိနစ်တိုင်း၊ စက္ကန့်တိုင်း၊ နေရာလွတ်တွေမှာ ရှိနေချိန်တိုင်း၊ ဘောလုံးကို ထိတွေ့လိုက်ချိန်တိုင်း နောက်ဆုံးအခွင့်အရေးအဖြစ် မှတ်ယူပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားပါမယ်။ အခုအချိန်မှာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးအရာက ဒီဗိုလ်လုပွဲပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။အခုပွဲစဉ်မှာ အနိုင်ရရှိမယ့်အသင်းက လာမယ့်နှစ်အတွက် ဖီဖာအမှတ်တံဆိပ်တစ်ခုကို ဂျာစီအင်္ကျီမှာ တပ်ဆင်ခွင့် ရရှိပါလိမ့်မယ်။