
ယူနိုက်တက်မှာ အင်္ဂလန်သားရဲ့အာရုံစိုက်မှုက ရှက်စရာလို့ ပေါလ်စခိုးလ် ကင်ပွန်းတပ်
ယူနိုက်တက်ဂန္ထဝင်ဟောင်း ပေါလ်စခိုးလ်က တောင်ပံကစားသမား ရက်ရှ်ဖို့ဒ်ရဲ့အာရုံစိုက်မှုနဲ့ပတ်သက်ပြီး ရှက်စရာလို့ ကင်ပွန်းတပ်လိုက်ပါတယ်။ ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားဟာ အာမိုရင်လက်အောက်မှာ နေရာမရတော့တာကြောင့် ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာအသင်းမှာ အငှားထွက်ကစားခဲ့ရပါတယ်။
အဲ့နောက် အခုရာသီမှာလည်း ဘာစီလိုနာအသင်းထံ အငှားထွက်ကစားခဲ့ရပါတယ်။ ယူနိုက်တက်အတွက် အင်္ဂလန်သားဟာ ပွဲပေါင်း ၄၂၆ ပွဲမှာ ၁၃၈ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပေမယ့် မြင့်မားတဲ့စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းမှာ စွမ်းဆောင်ရည်ကျဆင်းခဲ့တာဖြစ်ပါတယ်။
ဗီလာအသင်းမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီးနောက် ဘာစီလိုနာရောက်ချိန်မှာလည်း နယူးကာဆယ်နဲ့ပွဲမှာ ထပ်မံခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းမီတင်မှာသတင်းပို့ဖို့နောက်ကျခဲ့ပြီးနောက် ဖလစ်က လာမယ့်ဂီတာဖေးနဲ့ပွဲမှာ အင်္ဂလန်သားကို အရန်ခုံပို့ဖွယ်ရှိနေပါတယ်။
The Good,The Bad & The Football နဲ့အင်တာဗျူးမှာ အသက် ၂၇ နှစ်သားနဲ့ပတ်သက်ပြီး စခိုးလ်က “ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး ကျွန်တော်ပျော်ရွှင်ဖို့ တကယ်ရုန်းကန်ခဲ့ရပါတယ်။ အဓိကအားဖြင့် သူ့ရဲ့အာရုံစိုက်မှုပါ။ ယူနိုက်တက်မှာတုန်းက သူ့ရဲ့အာရုံစိုက်မှုက ရှက်စရာပါ။ ကျွန်တော် သူ့ကိုမြင်တဲ့အချိန်တိုင်းမှာ သူကလမ်းလျှောက်နေပါတယ်။ ဘာလို့လဲဆိုတော့ သူထွက်ခွာချင်တာကြောင့်ပါ။သူ့ရဲ့လုပ်ရပ်က တကယ့်ကိုရှက်စရာပါ။ ယူနိုက်တက်အတွက် သူကတိတ်ဆက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ တစ်ကြိမ်တိတ်ဆိတ်ပြီဆိုရင် နောက်တစ်ကြိမ်လည်း တိတ်ဆိတ်ဦးမှာပါ။ ပြီးခဲ့တဲ့ညတုန်းက သူနောက်ကျခဲ့ပါတယ်။နောက်တစ်ကြိမ်ထပ်နောက်ကျမှာမဟုတ်လောက်ပါဘူး။ သူ့အတွက် အခွင့်အရေးမရှိတော့ပါဘူး။ ဒီလိုနေ့တွေမှာ သူဘယ်လိုအိပ်နေလဲ?။ တကယ်ဆို နှိုးစက်ပေးထားရမှာပါ။ သူက ကမ္ဘာ့အရည်အချင်းအရှိဆုံးကစားသမားတွေထဲကတစ်ဦးပါ။ ဒါပေမယ့် သူ့မှာ စိတ်ပိုင်းဆိုင်ရာသန်မာမှုမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၄ ဇန်နဝါရီတုန်းကလည်း ဘဲလ်ဖက်စ်မှာ တစ်ညလုံးရှိနေခဲ့ပြီးနောက် ယူနိုက်တက်လေ့ကျင့်ခန်းအစီအစဉ်ကို ဖျားနာတာကြောင့် လွဲချော်ခဲ့တာနဲ့ပတ်သက်ပြီး ခေါင်းကြီးသတင်းပိုင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် နဲ့ ရက်ရှ်ဖို့ဒ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၈ အထိရှိနေပေမယ့် ဘာစီလိုနာကိုအငှားထွက်ကစားရာမှာ အပြီးသတ်ခေါ်ယူခွင့်ပါရှိတာဖြစ်ပါတယ်။