The network connection is lost.

Banner Image

ကွန်ဟာက ယူနိုက်တက်အတွက် သင့်တော်တဲ့ကစားသမားမဟုတ်ဘူးလို့ဆိုလာတဲ့ ပေါလ်စခိုးလ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ယူနိုက်တက်ပစ်မှတ်ထားနေတဲ့ ဝုဗ်တိုက်စစ်မှူး မားသီးယက်စ်ကွန်ဟာက အသင်းအတွက် သင့်တော်တဲ့ကစားသမားမဟုတ်ကြောင်း အချက် ၂ ချက်နဲ့ထောက်ပြပြောဆိုလာခဲ့ပါတယ်။ ယခုတစ်ပတ်သတင်းတွေအရ ယူနိုက်တက်ဟာ ကွန်ဟာကို ပေါင် ၆၂.၅ သန်းနဲ့ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိရန် နီးစပ်နေပြီလို့သိရပါတယ်။ တိုက်စစ်ကစားသမားဟာ ဒီရာသီမှာ ဝုဗ်အတွက် ပရီးမီးယားလိဂ် ၂၉ ပွဲကစားရာမှာ ၁၅ ဂိုးအထိသွင်းယူပေးထားနိုင်လို့ နယူးကာဆယ်၊ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ရဲ့ ပစ်မှတ်ထားခြင်းကိုလည်း ခံနေရသူဖြစ်ပါတယ်။ 

သို့သော်လည်း အသက်-၂၅ နှစ်အရွယ်ကစားသမားနဲ့ပတ်သက်ပြီး ပေါလ်စခိုးလ်က "သူက ရူဘင်အာမိုရင်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ကစားသမားလို့ ထင်ရပါတယ်။ ယူနိုက်တက်က လုံလောက်တဲ့ စွမ်းဆောင်ရည်နဲ့ လျင်မြန်မှုမရှိပါဘူး။ ဒါကြောင့် ဒီရာသီမှာ ပရီးမီးယားလိဂ် ၁၅ ဂိုးအထိသွင်းယူထားတဲ့ မားသီးယက်စ်ကွန်ဟာလိုကစားသမားအတွက် သင့်တော်တဲ့အသင်းဖြစ်လာနိုင်ပါ့မလား"

"သူက ဗဟိုတိုက်စစ်မှူးပဲဖြစ်ဖြစ် တောင်ပံတိုက်စစ်ပဲဖြစ်ဖြစ် အရည်အသွေးအပြည့်အဝရှိတယ်ဆိုတာတော့ သံသယဖြစ်စရာမလိုပါဘူး။ လောလောဆယ်မှာ ယူနိုက်တက်ကိုပြောင်းရွှေ့မယ့် ဘယ်ကစားသမားကိုမဆို ကျွန်တော်စိုးရိမ်ပါတယ်။ ယူနိုက်တက်က သွားသင့်တဲ့နေရာမဟုတ်ဘူးလို့ ခံစားရပါတယ်။ လက်ရှိအသင်းရဲ့ ကစားပုံအရည်အသွေးက အရမ်းညံ့ဖျင်းနေလို့ပါ။ ကွန်ဟာကိုခေါ်တာက ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ဖြစ်နိုင်ပေမယ့် အသင်းမှာ အံဝင်ခွင်ကျဖြစ်ပါ့မလား မသေချာပါဘူး"  လို့ပြောကြားခဲ့ပါတယ်။ 

သို့သော် တစ်ဖက်မှာလည်း အာမိုရင်က သူ့အနေနဲ့ ကွန်ဟာကို စိတ်ဝင်စားနေကြောင်း အတိအလင်းဝန်ခံပြောကြားထားတာဖြစ်ပါတယ်။ ယခုလအတွင်း ဝုဗ်ကို ၀-၁ နဲ့အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာ အာမိုရင်ဟာ အဝတ်လဲခန်းအတွင်း ကွန်ဟာနဲ့စကားစမြည်ပြောခဲ့တာကိုလည်း မြင်တွေ့ထားခဲ့ရပါတယ်။ 

ယူနိုက်တက်အနေနဲ့ ရလဒ်နဲ့ ကစားပုံကောင်းဖို့ရုန်းကန်နေရပေမယ့် အသင်းဟာ ထိပ်တန်းကစားသမားတွေကို ဆွဲဆောင်နိုင်ဆဲဖြစ်ကြောင်းကို အာမိုရင်က "ကျွန်တော်ထင်တာကတော့ အသင်းအတွက်ကစားပေးချင်တဲ့ ထိပ်တန်းကစားသမားတွေ ရှိနေပါသေးတယ်။ လောလောဆယ်မှာတော့ အသင်းရဲ့ပြဿနာတွေ၊ ဝန်ထမ်းအပြောင်းအလဲတွေ၊ နည်းပြအပြောင်းအလဲတွေနဲ့ ရလဒ်ဆိုးတွေက ပြဿနာတွေဖြစ်နေပါတယ်"

"ဒါပေမယ့် ဒါက အသင်းကိုလာချင်တဲ့ကစားသမားကိုတော့ တားဆီးနိုင်ဦးမှာမဟုတ်ပါဘူး။ လူတိုင်းက မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးချင်ကြပါတယ်။ ကျွန်တော် ကွန်ဟာအကြောင်း ဘာမှပြောမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲဆိုတာ ခန့်မှန်းရခက်ခဲလို့ပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပြုသွားမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။