The network connection is lost.

Banner Image

၀ုဗ်ကို ဂိုးပြတ်နိုင်တဲ့ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူသစ် ရိန်းဒါးစ်ကို ချီးကျူးလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီးအသင်းက ဝုဗ်ကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်ကစားသမား တီဂျာနီရိန်းဒါးစ်ကို နည်းပြ ပက်ဂွါဒီယိုလာက "မယုံကြည်နိုင်လောက်အောင် ကောင်းမွန်တဲ့ ခေါ်ယူမှု" လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

ဒီနွေရာသီမှာ အေစီမီလန်ကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ရိန်းဒါးစ်ဟာ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူပြီး တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ 

ပွဲအပြီးမှာ နည်းပြဂွါဒီယိုလာက နယ်သာလန်သားကို ချီးကျူးခဲ့ပြီး ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းအတွက် လိုအပ်တဲ့ကစားသမားမျိုးဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဂွါဒီယိုလာက "ဒီနေ့ပွဲတင်မကဘဲ ပရီရာသီပွဲစဉ် ပါလာမိုအသင်းကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲတုန်းကလည်း သူက အရမ်းကောင်းခဲ့ပါတယ်။ သူက ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့လိုအပ်တဲ့ပုံစံမျိုး ကစားသမားတစ်ယောက်ပါပဲ။ သူက ကျွန်တော်တို့အတွက် မယုံကြည်နိုင်စရာကောင်းလောက်အောင်ကို ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုပါပဲ။

 သူ့ရဲ့လုပ်အားနှုန်း၊ ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက်အနေနဲ့ နေရာအများကြီးကို ကာကွယ်ပေးနိုင်စွမ်း၊ ဘောလုံးထိန်းချုပ်နိုင်စွမ်းနဲ့ သူရဲ့လှုပ်ရှားမှုတွေက အရမ်းကောင်းပါတယ်။ ပြီးတော့ နောက်တန်းကိုဖျက်ပြီး ဂိုးသွင်းဖို့ ကြိုးစားတယ်။ တကယ်ပဲ ကျေနပ်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အတော်လေးရုန်းကန်ခဲ့ရပြီး ၂၀၂၅ ခုနှစ်မှာ ကစားသမားအများအပြားခေါ်ယူကာ အင်အားတောင့်တင်းတဲ့အသင်းအဖြစ် ပြန်လည်ရပ်တည်ဖို့ ကြိုးစားနေပါတယ်။ 

ဒတ်ခ်ျလက်ရွေးစင် ရိန်းဒါးစ်ဟာ ပြန်လည်တည်ဆောက်နေတဲ့အစပိုင်းမှာ ကွင်းလယ်နေရာအတွက် အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုဖြစ်ခဲ့ပါတယ်။  မန်စီးတီးအသင်းဟာ လာမယ့်အပတ် စနေညမှာ တော့တင်ဟမ်အသင်းနဲ့ ဆက်လက်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။