
အာဆင်နယ်နဲ့ပွဲမတိုင်ခင် ချန်ပီယံလိဂ်ဖလားရနိုင်တယ်လို့ အင်းနရစ်ကြိုတင်ခန့်မှန်းခဲ့ကြောင်း ပီအက်စ်ဂျီဥက္ကဌ ပြောကြား
ပီအက်စ်ဂျီအသင်းဥက္ကဌ ကလိုင်ဖီက ဘာပေထံ မက်ဆေ့ချ်ပေးပို့ခဲ့သလို အာဆင်နယ်နဲ့ပွဲမတိုင်ခင်ကတည်းက အင်းနရစ်က မိမိတို့ချန်ပီယံလိဂ်ဖလားရနိုင်တယ်လို့ ကြိုတင်ခန့်မှန်းခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။ အသင်းသမိုင်းတစ်လျှောက်ပထမဆုံးချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီဥက္ကဌ ကလိုင်ဖီက ဘာပေကို ဦးတည်ဝေဖန်ခဲ့ပါတယ်။
ဘာပေတစ်ယောက် ရီးရဲလ်ပြောင်းပြီးနောက် ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အင်တာမီလန်ကို ၅ ဂိုးပြတ်အနိုင်ယူကာ ပထမဆုံးချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။ လီဂူးဝမ်းဟာ ဥရောပထိပ်တန်းလိဂ် ၅ လိဂ်မှာ အားအနည်းဆုံးအဖြစ် ဝေဖန်ခံနေရသလို ပီအက်စ်ဂျီဟာ ၁၉၉၃ ခုနှစ်ကတည်းက ချန်ပီယံလိဂ်အောင်မြင်မှုမရသေးတာဖြစ်ပါတယ်။ ဒါပေမယ့် အင်းနရစ်ရောက်လာချိန်မှာ အသင်းကပြောင်းလဲလာခဲ့ပြီး ဥရောပမှာ ပရီးမီးယားလိဂ်အသင်းတော်တော်များများကို အနိုင်ယူနိုင်ခဲ့ပါတယ်။
ကလိုင်ဖီက အင်တာဗျူးတစ်ခုမှာ အင်းနရစ်တစ်ယောက် အာဆင်နယ်နဲ့ပွဲမတိုင်ခင် ချန်ပီယံလိဂ်ဖလားရမယ်လို့ ကြိုတင်ခန့်မှန်းခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။ ကာတာသတင်းဌာနနဲ့အင်တာဗျူးမှာ ကလိုင်ဖီက “လာလီဂါမှာ လီဂူးဝမ်းထက်ဂိုးသွင်းရတာ ပိုလွယ်ပါတယ်။ အင်းနရစ်က ပီအက်စ်ဂျီကိုကိုင်တွယ်ပြီး ပရီးမီးယားလိဂ်ပရိသတ်တွေပြောနေတဲ့ လယ်သမားလိဂ်ဆိုတဲ့မှတ်ချက်ကို တုံ့ပြန်ခဲ့ပါတယ်။ ကျွန်တော်တို့ မန်စီးတီး ၊ လီဗာပူး ၊ ဗီလာ နဲ့ နောက်ဆုံး အာဆင်နယ်ကို ချန်ပီယံလိဂ်မှာ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဘယ်သူမှ ကျွန်တော်တို့ချန်ပီယံဖြစ်မယ်လို့ မထင်ကြပါဘူး။
ကျွန်တော်တို့ ချန်ပီယံလိဂ်ကို တစ်ဆင့်ချင်းချဉ်းကပ်ခဲ့ပါတယ်။ အန်ဖီးလ်နိုင်ပွဲက ကျွန်တော်တို့ကို ယုံကြည်မှုပေးခဲ့ပါတယ်။
အင်းနရစ်က အာဆင်နယ်နဲ့ပွဲမတိုင်ခင် ချန်ပီယံလိဂ်ရနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဖိုင်နယ်က ဂိုးတိုင်းကို ကျွန်တော်ကြည်နူးမိပါတယ်။ အင်တာကို ၅ ဂိုးပြတ်အနိုင်ရခဲ့တယ်ဆိုတာကို ယုံကြည်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒီအသင်းက ကာတာ နဲ့ ပြင်သစ်တွေကို ဂုဏ်ယူစေခဲ့ပါတယ်။ အခုအောင်မြင်မှုရပြီးနောက် အသင်းကအဆင့်အတန်းတစ်ခုရှိလာခဲ့ပါပြီ”လို့ ကလိုင်ဖီက ဖြေကြားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ၂၀၂၀ တုန်းကလည်း ချန်ပီယံလိဂ်ရဖို့ နီးစပ်ခဲ့ပေမယ့် ဘိုင်ယန်ကိုအရေးနိမ့်ခဲ့တာကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။
အခုလာမယ့်ကလပ်ကမ္ဘာ့ဖလားမှာ ပီအက်စ်ဂျီအနေနဲ့ ဘာပေနဲ့ ပြန်လည်တွေ့ဆုံနိုင်ချေရှိနေပါတယ်။ ဒါပေမယ့် အင်းနရစ်ရဲ့အသင်းဟာ တီကို ၊ ဘိုတာဖိုဂို ၊ ဆီယက်တယ်စတဲ့အသင်းတွေကို အုပ်စုမှာ ကျော်ဖြတ်ရဦးမှာပါ။ လာမယ့်သြဂုတ်လထဲမှာ ပီအက်စ်ဂျီဟာ ယူအီးအက်ဖ်အေစူပါဖလားပွဲအဖြစ် တော့တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။