
စီရော်နယ်ဒိုက အကောင်းဆုံး ဂိုးသွင်းသူဖြစ်နိုင်ပေမဲ့ ဆာလားကတော့ ပိုပြီးပြည့်စုံတဲ့ ကစားသမားပါလို့ ပြောကြားလိုက်တဲ့ ရာဖေးလ် ဘင်နီတက်ဇ်
ရာဖေးလ် ဘင်နီတက်ဇ်ဟာ သူ့ရဲ့ နည်းပြဘဝတစ်လျှောက်မှာ အတူတွဲဖက်လုပ်ဆောင်ခဲ့တဲ့ ကစားသမားတွေထဲက အကောင်းဆုံးကစားသမားအဖြစ် ယူနိုက်တက် ဂန္တဝင်ဟောင်း စီရော်နယ်ဒိုနဲ့ လီဗာပူးကြယ်ပွင့် မိုဟာမက် ဆာလားတို့ထက် အခြားကစားသမားတစ်ဦးကို ရွေးချယ်ခဲ့ပါတယ်။
နည်းပြဟောင်း ရာဖေးလ် ဘင်နီတက်ဇ်ကတော့ ဆာလားဟာ စီရော်နယ်ဒိုထက် ပိုပြီးပြည့်စုံတဲ့ ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပေမဲ့ အကောင်းဆုံးကစားသမားအဖြစ်တော့ အခြားကစားသမားတစ်ဦးကို ရွေးချယ်ခဲ့ပါတယ်။ လီဗာပူးနည်းပြဟောင်းဟာ ၂၀၀၅ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့လို့ မာဆေးဆိုဒ်မြို့မှာ ဂန္တဝင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်နေဆဲပါ။ နည်းပြ ယာဂန် ကလော့ပ်က ၂၀၂၀ ပြည့်နှစ်မှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပေမဲ့ လီဗာပူးအသင်းရဲ့ ဥရောပဘောလုံးလောကမှာ ဂုဏ်သတင်းကို ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့တဲ့ စပိန်သားရဲ့ ပုံရိပ်ဟာ လီဗာပူးပရိသတ်တွေကြားမှာ ခိုင်မြဲနေဆဲပါ။
အသက် ၆၅ နှစ်အရွယ် နည်းပြဟာ သူ့ရဲ့ ရှည်လျားတဲ့ နည်းပြဘဝတစ်လျှောက်မှာ အင်တာမီလန်၊ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့အပါအဝင် ထိပ်တန်းကလပ်တွေကို ကိုင်တွယ်ခဲ့ပြီး ပေါ်တူဂီကြယ်ပွင့် စီရော်နယ်ဒိုအပါအဝင် ဘောလုံးလောကရဲ့ ထိပ်တန်းကစားသမားများစွာနဲ့အတူ အလုပ်လုပ်ခဲ့ရတာဖြစ်ပါတယ်။ သူ တိုက်ရိုက်လက်တွဲခဲ့ခြင်းမရှိတဲ့ ဆာလားနဲ့ စီရော်နယ်ဒိုတို့ကြား ရွေးချယ်နိုင်ဖို့အတွက် ဖိအားပေးမေးမြန်းခံခဲ့ရချိန်မှာ နည်းပြဘင်နီတက်ဇ်က ရှင်းရှင်းလင်းလင်းပဲ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
သူက ‘Shoot For Love’ မီဒီယာကို “စီရော်နယ်ဒိုကတော့ အကောင်းဆုံး ဂိုးသွင်းသူဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဆာလားကတော့ ပိုပြီးပြည့်စုံတဲ့ ကစားသမားပါ” လို့ ပြောကြားခဲ့ပါတယ်။ စီရော်နယ်ဒိုနဲ့ ဘင်နီတက်ဇ်တို့ရဲ့ အတူတွဲဖက်လုပ်ဆောင်ခဲ့ရတဲ့ အချိန်တွေဟာ တိုတောင်းခဲ့ပါတယ်။ ဘင်နီတက်ဇ်ဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ရီးရဲလ်မက်ဒရစ်အသင်းက ထုတ်ပယ်မခံရခင် ၇ လသာ အသင်းကို ကိုင်တွယ်ခဲ့ရပါတယ်။ သူ ထွက်ခွာပြီးနောက်မှာ ယူနိုက်တက်ဂန္တဝင်ဟောင်းနဲ့ မပြေမလည်ဖြစ်ခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမဲ့ သူက အဲဒီသတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။ “စီရော်နယ်ဒိုကြောင့် ရီးရဲလ်မက်ဒရစ်ကနေ ကျွန်တော်ထွက်ခဲ့ရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့နှစ်ဦးကြားမှာ ပြဿနာဘယ်တော့မှ မရှိခဲ့ပါဘူး။ သူက အရမ်းတော်တဲ့ ကစားသမားပါ။ ထူးခြားတဲ့ ကစားသမားပါ။ အသင်းရဲ့ ပြည်တွင်းရေးကိစ္စတွေကြောင့် ကျွန်တော်ထွက်ခဲ့တာပါ။ စီရော်နယ်ဒိုနဲ့ ဘာမှမဆိုင်ပါဘူး” လို့ ဘင်နီတက်ဇ်က ပြောကြားခဲ့ပါတယ်။
သူ ကိုင်တွယ်ခဲ့တဲ့ နည်းပြဘဝတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ်တော့ လီဗာပူးဂန္တဝင်ဟောင်း စတီဗင် ဂျာရတ်ကို ရွေးချယ်ခဲ့ပါတယ်။ ‘The Overlap’ ရဲ့ ‘It Was What It Was’ ပေါ့ဒ်ကတ်စ်မှာ ပါဝင်ခဲ့စဉ် လူကာ မိုဒရစ်၊ အီဒင် ဟာဇက်နဲ့ ဖရန့် လမ်းပတ်တို့လို ထင်ရှားတဲ့ ကြယ်ပွင့်တွေအစား အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဂျာရတ်ကိုပဲ သူ ရွေးချယ်ခဲ့တာပါ။
“ပြည့်စုံတဲ့ ကစားသမားအဖြစ်တော့ စတီဗင်မှာ စွမ်းအင်တွေရှိပါတယ်။ သူဂိုးသွင်းနိုင်တယ်၊ ဘောလုံးကို ခေါင်းတိုက်နိုင်တယ်၊ ခြေနှစ်ဖက်စလုံးကောင်းပါတယ်။ အဝေးကနေလည်း ကန်သွင်းနိုင်တယ်၊ အနီးကနေလည်း ကန်နိုင်တယ်၊ ပင်နယ်တီ ကန်နိုင်တယ်။ ဖန်တီးမှုတွေလုပ်နိုင်တယ်၊ ထောင့်ကန်ဘောတွေနဲ့ ပြစ်ဒဏ်ဘောတွေ ကန်နိုင်ပါတယ်။ လိုအပ်ရင် ခံစစ်လိုက်ကစားနိုင်တယ်၊ စွမ်းအင်ရှိတယ်၊ လေ့ကျင့်ရေးဆင်းတဲ့အခါမှာလည်း ကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးပါ”
“သူနဲ့ပတ်သက်တဲ့အချက်ကတော့ သူဟာ အစကတည်းက Box-to-Box ကွင်းလယ်လူဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကစားပွဲကို နားလည်လာခဲ့ပါတယ်။ သူ့မှာ အလားအလာတွေအကုန်ရှိပြီး နောက်ပိုင်းမှာ နေရာယူပုံနဲ့ ဆုံးဖြတ်ချက်တွေ ပိုကောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ သူက အစကတည်းက တော်ခဲ့တာပါ” လို့ ဘင်နီတက်ဇ်က ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အဲဗာတန်အသင်းကို ကိုင်တွယ်ခဲ့တဲ့အချိန်တိုလေးနောက်ပိုင်း ဘင်နီတက်ဇ်ဟာ စပိန်ကို ပြန်သွားခဲ့ပြီး ဆယ်လ်တာဗီဂိုကို ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရာသီမပြည့်ခင် ၂၀၂၄ ခုနှစ် မတ်လမှာ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။