
ဘာစီလိုနာအသင်းခေါင်းဆောင်ဖြစ်ချင်ပေမယ့် လောလောဆယ်မှာတော့ တာစတီဂန်ကပဲ အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်သင့်တယ်လို့ဆိုလာတဲ့ ရာဖင်ဟာ
ဘာစီလိုနာတောင်ပံကြယ်ပွင့်ကစားသမား ရာဖင်ဟာက သူ့အနေနဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခွင့်ရဖို့ ဆန္ဒရှိပေမယ့် လောလောဆယ်မှာတော့ ဂိုးသမား တာစတီဂန်ကပဲ လက်ပတ်ကို ဆက်လက်ဝတ်ဆင်သင့်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဘာစီလိုနာဟာ ယခုနွေရာသီမှာ အသင်းရဲ့ဂိုးသမား တာစတီဂန်ကိုရောင်းချတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အသင်းခေါင်းဆောင်လက်ပတ်ကို ရာဖင်ဟာအနေနဲ့ ဆက်ခံခွင့်ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒူးဒဏ်ရာကြောင့် တာစတီဂန် အနားယူနေရချိန်တွေမှာ ရာဖင်ဟာက အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ခွင့်ရရှိထားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီအတွင်း ဘာစီလိုနာအတွက် အကောင်းဆုံးခြေစွမ်းတွေပြသနိုင်ခဲ့တဲ့ ရာဖင်ဟာအနေနဲ့ ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးဖို့အတွက်ပင် ရေပန်းစားနေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နွေရာသီမှာ ဘရာဇီးလက်ရွေးစင်ဟာ ဘာစီလိုနာကနေထွက်ခွာတော့မယ်လို့ သတင်းကြီးခဲ့ပေမယ့် နည်းပြဟန်ဆီဖလစ်ရဲ့ ယုံကြည်မှုနဲ့အတူ အသင်းမှာ နေရာပြန်လည်ရရှိပြီး ခြေစွမ်းတိုးတက်လာခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာ ဘာစီလိုနာဟာ ဂိုးသမားသစ် ဂါစီယာကိုခေါ်ယူထားပြီးဖြစ်တာကြောင့် တာစတီဂန်အနေနဲ့ နံပါတ် ၁ ဂိုးသမားနေရာကနေ ဖယ်ပေးရနိုင်တယ်လို့ သတင်းတွေထွက်ပေါ်တောကြောင့် ဂျာမန်သားဟာ ဘာစီလိုနာမှထွက်ခွာပြီး အသင်းသစ်နဲ့ချိတ်ဆက်သွားဖွယ်ရှိနေပါတယ်။ ဒါကြောင့် တာစတီဂန်သာမရှိတော့ပါက အသင်းခေါင်းဆောင်လက်ပတ်ကို ရာဖင်ဟာအနေနဲ့ ဆက်ခံခွင့်ရရှိသွားနိုင်ပါတယ်။
ယခုအခါမှာ ရာဖင်ဟာက “အမှန်တိုင်းပြောရမယ်ဆိုရင် ဘာစီလိုနာအသင်းခေါင်းဆောင်ဖြစ်လာဖို့က ကျွန်တော့်ရဲ့အိပ်မက်ပါ။ အရင်တုန်းကတော့ ဒီလိုအိပ်မက်မျိုးမရှိခဲ့ပေမယ့် ဒီလက်ပတ်ကိုဝတ်ဆင်ပြီးနောက်ပိုင်းမှာ အိပ်မက်တစ်ခုဖြစ်လာခဲ့တာပါ။ အဝတ်လဲခန်းထဲမှာ အသင်းဖော်တွေ ကျွန်တော့်ကို အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ကြည့်တဲ့အကြည့်က ကျွန်တော့်အတွက် ဂုဏ်ယူစရာကောင်းလွန်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရာဖင်ဟာက “ကျွန်တော့်ရဲ့အမြင်မှာတော့ အသင်းမှာတာစတီဂန်ဆက်ရှိနေမယ်ဆိုရင် အသင်းခေါင်းဆောင်လက်ပတ်က သူ့အပိုင်ပဲဖြစ်သင့်ပါတယ်။ ကျွန်တော်ဒီစရောက်ကတည်းက သူက ကျွန်တော့်ကိုကူညီပေးခဲ့သူပါ။ ပြီးတော့ သူကအမြဲတမ်းခေါင်းဆောင်တစ်ယောက်ပါပဲ။ ဒါကို ကျွန်တော်တို့လေးစားရပါမယ်။ ဒါပေမယ့် တကယ်လို့သူက အသင်းခေါင်းဆောင်မဟုတ်တော့ရင်တော့ ကျွန်တော့်အတွက်တော့ လေးစားစရာကစားသမားဖြစ်နေဦးမှာပါ” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ဩဂုတ်လ ၄ ရက်နေ့မှာတော့ ဘာစီလိုနာဟာ အာရှခြေစမ်းခရီးစဉ် နောက်ဆုံးပွဲစဉ်အဖြစ် တောင်ကိုရီးယားကလပ် ဒေဂူးအက်ဖ်စီနဲ့ ယှဉ်ပြိုင်သွားရပါမယ်။