
အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာပြီလို့ ကြွေးကြော်လိုက်တဲ့ မန်စီးတီးကစားသမားသစ် ရာယန်ချာကီ
မန်စီးတီးအသင်းက လိုင်ယွန်ကစားသမား ရာယန်ချာကီကို ပြောင်းရွှေ့ကြေးပေါင် သန်း ၃၀ ဖြင့် လက်မှတ်ရေးထိုးခေါ်ယူလိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ ချာကီက အခုနွေရာသီကာလအတွင်း မန်စီးတီးအသင်းခေါ်ယူထားတဲ့ တတိယမြောက်ကစားသမားဖြစ်လာပြီး ဇွန် ၁၈ ရက်၊ မော်ရိုကိုကလပ် ဝိုင်ဒက်အေစီနဲ့ရင်ဆိုင်ကစားရင်း စတင်လာတော့မယ့် ပက်ဂွါဒီယိုလာအသင်းရဲ့ ကလပ်ကမ္ဘာ့ဖလားခရီးစဉ်မှာ ပါဝင်လာဖွယ် ရှိပါတယ်။
ချာကီက လိုင်ယွန်နဲ့အတူရှိနေခဲ့တဲ့ သူ့ရဲ့အချိန်တွေကို ပိတ်သိမ်းကာ မန်စီးတီးဆီ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိမယ့် ငါးနှစ်စာချုပ်ဖြင့် ရောက်ရှိလာခဲ့ပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားက အိုးထရက်ဖို့ဒ်ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အတွင်း ဂိုးသွင်းယူခြင်းဖြင့် မန်ချက်စတာမြေမှာ အထင်ကြီးစရာခြေစွမ်းမျိုးကို ပြသခဲ့ဖူးပါတယ်။
သူက “ ဒါဟာ ကျွန်တော့်အတွက် အိပ်မက်ဆန်တဲ့ အပြောင်းအရွှေ့တစ်ခုပါပဲ။ အရိုးသားဆုံးပြောရရင် မန်စီးတီးလိုကလပ်အသင်းတစ်ခုနဲ့ ပူးပေါင်းဖို့အပြင် ကစားသမားဘဝရဲ့နောက်တစ်ဆင့်ဆီ ကူးပြောင်းနိုင်မယ့် အခွင့်အလမ်းတစ်ခု ဒီနေရာမှာရှိနေခြင်းတို့က တကယ့်ကိုထူးရှယ်ဖြစ်ပါတယ်။
ဒီအတွက်ပဲ ကျွန်တော့်ဘဝတလျှောက်လုံး ကြိုးစားနေခဲ့တာပါ။ ကျွန်တော် ဒီအားကစားကို ချစ်ပါတယ်။ ပက်ဂွါဒီယိုလာရဲ့နည်းပြအဖွဲ့နဲ့အတူ မန်ချက်စတာမြေမှာ နောက်ထပ်ခြေလှမ်းသစ်လှမ်းနိုင်ဖို့အတွက် မစောင့်ဆိုင်းနိုင်တော့ပါဘူး။မန်စီးတီးအသင်း ဘယ်လောက်အထိကောင်းမွန်သလဲဆိုတာ လူတိုင်းသိပါတယ်။ သူတို့တွေက နှစ်ပေါင်းများစွာကြာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသင်းကို နိုင်ပွဲတွေရရှိအောင် ကူညီပေးဖို့ တာဝန်ဆိုတာ ကျွန်တော့်အတွက် လက်ခံချင်စရာကိစ္စတစ်ခု ဖြစ်ပါတယ်။
ကျွန်တော် အလွန်ယုံကြည်ရတဲ့ စီမံကိန်းတစ်ခုအတွက်သာလျှင် လိုင်ယွန်မှ ထွက်ခွာလာခဲ့တာပါ။ မန်စီးတီးမှာ ရှိနေတဲ့အရာရာတိုင်းက ကျွန်တော့်ရဲ့ခြေစွမ်းကို တိုးတက်လာစေပြီး အနာဂတ်မှာ အောင်မြင်တဲ့အသင်းတစ်ခု ဖြစ်လာဖို့လည်း ကူညီပေးပါလိမ့်မယ်။ ကျွန်တော်ရဲ့အစွမ်းအစကို မန်စီးတီးပရိသတ်တွေဆီ ပြသဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး”လို့ ပြောပါတယ်။