
အန်တိုနီကို ခေါ်ယူမှုဟာ အလွန်ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ် ဖြစ်ကြောင်း ပြောကြားလိုက်တဲ့ ဘက်တစ်စ်
ယူနိုက်တက်မှ အန်တိုနီကို ခေါ်ယူရာတွင် အောင်မြင်လိုပါက ဖန်တီးမှု နည်းလမ်းများ အသုံးပြုရမည်ဖြစ်ကြောင်း ဘက်တစ်စ်က ပြောကြားခဲ့ပါတယ်။ ဘက်တစ်စ်ဥက္ကဋ္ဌ အန်ဟယ်လ် ဟာရိုနှင့် အားကစားဒါရိုက်တာ မာနူ ဖာဂျာဒိုတို့က အန်တိုနီအား အပြီးသတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခြေနှင့်ပတ်သက်၍ ဖွင့်ဟပြောကြားခဲ့ရာ ဒါဟာ "အလွန်ရှုပ်ထွေးသော" လုပ်ငန်းစဉ်ဖြစ်ပြီး သဘောတူညီမှု ရရှိရန် "ဖန်တီးမှု" လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော် ဖာဂျာဒိုက ယူနိုက်တက်မှ အန်တိုနီကို ခေါ်ယူရာတွင် ကလပ်ရဲ့ တည်ငြိမ်မှုကို ထိခိုက်စေမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။
အန်တိုနီရဲ့ ဘက်တစ်စ်တွင် ပြန်လည်ခြေစွမ်းပြမှုက ကလပ်အတွက်ရော၊ ကစားသမားအတွက်ပါ ဒဏ္ဍာရီဆန်ဆန်ပင် ဖြစ်ခဲ့ပါတယ်။ ဘရာဇီးတောင်ပံကစားသမားဟာ ၂၆ ပွဲတွင် ကိုးဂိုးသွင်းယူကာ ငါးကြိမ် ဂိုးဖန်တီးပေးခဲ့ပြီး ကလပ်ကို ၎င်းတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ဥရောပဖလား ဗိုလ်လုပွဲသို့ ရောက်ရှိစေခဲ့ပါတယ်။ တောင်ပံကစားသမားရဲ့ သက်ရောက်မှုကို ဥက္ကဋ္ဌနှင့် အားကစားဒါရိုက်တာတို့က အသိအမှတ်ပြုကြသော်လည်း ဘရာဇီးသားအတွက် အလွန်အကျွံပေးချေခြင်းဖြင့် ကလပ်ကို အန္တရာယ်ဖြစ်စေမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ အန်တိုနီရဲ့ အပြောင်းအရွှေ့ဖြစ်မြောက်စေရန် လုပ်ခလစာ ၃၀% လျှော့ယူရန်ပင် သဘောတူညီထားကြောင်း သတင်းများက ဖော်ပြထားပါတယ်။
အန်တိုနီရဲ့ အပြောင်းအရွှေ့ ရှုပ်ထွေးရခြင်းအကြောင်းကို ဖာဂျာဒိုက "ဒါဟာ အလွန်ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တစ်ခုဆိုတာ ကျွန်တော်တို့အားလုံး သိထားရပါမယ်။ ကစားသမားရဲ့ အဆင့်အတန်းနဲ့ ရီးရဲလ်ဘက်တစ်စ်မှာ သူ့ရဲ့ အခုနောက်ဆုံး ကစားသမားဘဝကို ထောက်ရှုရင် ဒါဟာ လွယ်ကူတဲ့ လုပ်ငန်းစဉ် မဟုတ်ပါဘူး။ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ဖြစ်နေပေမဲ့ ကလပ်ကို ပေါင်နှံစရာမလိုဘဲ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်သွားဖို့ ကြိုးစားပါမယ်။ နောက်ဆုံးတော့ အရေးကြီးဆုံးက အသင်းအဖွဲ့ရဲ့ ရေရှည်တည်တံ့မှုပါပဲ။ ကျွန်တော်တို့ အတိတ်ကလိုပဲ ဖန်တီးမှုရှိအောင် ကြိုးစားပြီး အန်တိုနီ ဒီမှာ ရှိနေနိုင်အောင် ကြိုးစားပါမယ်။ ဒီနေ့တော့ ဈေးကွက်က ပွင့်နေပါတယ်၊ ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ၊ ဒါဟာ အရမ်းကို လှုပ်ရှားနေပြီး ကျွန်တော်တို့လည်း အဲ့ဒီဂိမ်းရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းတွင် ကလပ်ဥက္ကဋ္ဌက ထပ်လောင်းပြောကြားခဲ့သည်မှာ "ကျွန်တော်တို့ အခုထိ ရှိခဲ့တဲ့ ငွေကြေးစည်းမျဉ်းကို ဆက်လက်ထိန်းသိမ်းထားရပါမယ်။ အားကစားဆိုင်ရာ ရေရှည်တည်တံ့မှုက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် စီးပွားရေးအရ ရေရှည်တည်တံ့မှုကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ ရူးသွပ်မှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကထက် အနည်းငယ် ပိုမြင့်တဲ့၊ ဆင်တူတဲ့ အသင်း ကုန်ကျစရိတ်ကို ထားရှိမှာဖြစ်ပြီး ထင်ရှားကျော်ကြားတဲ့ ကစားသမားတချို့ကို ခေါ်ယူနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဟုတ်ပါတယ်၊ မကြာသေးမီနှစ်များအတွင်း ဘက်တစ်စ်ကို ပုံဖော်ပေးခဲ့တဲ့ အရာတစ်ခုကတော့ ကျွန်တော်တို့က ကောင်းကောင်းရောင်းပြီး ကောင်းကောင်းလည်း ဝယ်နိုင်တဲ့အပြင် တန်ဖိုးရှိတဲ့ စျေးနှုန်းတွေနဲ့ ဝယ်နိုင်ခဲ့တာပါပဲ"
ဘက်တစ်စ်ဟာ အန်တိုနီကို ခေါ်ယူရာတွင် သတိထားဆောင်ရွက်မှာဖြစ်သော်လည်း ကစားသမားက ဆက်နေလိုတဲ့ ဆန္ဒရှိခြင်းကြောင့် မျှော်လင့်ချက် ရှိနေပါတယ်။