The network connection is lost.

Banner Image

ယူနိုက်တက်ကြယ်ပွင့် အန်တိုနီကိုခေါ်ယူဖို့ သဘောတူညီမှုရရှိသွားတဲ့ ရီးရဲလ်ဘက်တစ်

စပိန်လာလီဂါကလပ် ရီးရဲလ်ဘက်တစ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းမှာ အငှားစာချုပ်နဲ့လာရောက်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အန်တိုနီကို ယခုနွေရာသီအပြောင်းအရွှေ့ကာလမပိတ်သိမ်းမီမှာပဲ ခေါ်ယူဖို့သဘောတူညီမှုရရှိထားတယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ ဒုတိယရာသီဝက်မှာ အန်တိုနီဟာ ယူနိုက်တက်နဲ့လမ်းခွဲပြီး ဘက်တစ်သို့အငှားစာချုပ်နဲ့သွားရောက်ကစားခဲ့ကာ စွမ်းဆောင်ရည်တိုးတက်ခဲ့ပြီး စပိန်ကလပ်အတွက် အလွန်အရေးပါတဲ့ကစားသမားအဖြစ်ရပ်တည်ပေးနိုင်ခဲ့ပါတယ်။ ဘရာဇီးသားဟာ ဒုတိယရာသီဝက်အတွင်း ဘက်တစ်အတွက် ၅ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၉ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲသို့ပို့ပေးနိုင်ခဲ့တဲ့အပြင် လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာပါ ရပ်တည်စေခဲ့တာဖြစ်ပါတယ်။ 

သို့သော်လည်း အန်တိုနီဟာ ရာသီကုန်မှာတော့ မန်ချက်စတာယူနိုက်တက်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီး နွေရာသီအတွင်း အခြားကလပ်အသင်းသို့ပြောင်းရွှေ့နိုင်ခဲ့ခြင်းမရှိပါဘူး။ မကြာသေးမီက ဘက်တစ်ဟာ အန်တိုနီကို ယူရို ၂၈ သန်းနဲ့ခေါ်ယူလိုက်နိုင်ပြီလို့ သတင်းတွေထွက်ပေါ်ထားပေမယ့် ဘက်တစ်ဘက်က အဆိုပါသတင်းတွေကို ပြန်လည်ငြင်းဆန်ထားခဲ့ပါတယ်။

ယခုအခါမှာတော့ အပြောင်းအရွှေ့ဂျာနယ်လစ် ဒေးဗစ်အော်စတိန်းရဲ့အဆိုအရ ဘက်တစ်ဟာ အန်တိုနီကို ယူရို ၂၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့သိရပါတယ်။ သို့သော်လည်း အရောင်းအဝယ်စာချုပ်ထဲမှာတော့ ဘက်တစ်အနေနဲ့ အန်တိုနီကိုအခြားအသင်းသို့ပြန်ရောင်းပါက ရောင်းရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ယူနိုက်တက်ထံပေးချေသွားရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေမှာ အခက်အခဲဖြစ်စေခဲ့တဲ့ အန်တိုနီရဲ့စာချုပ်ဖျက်သိမ်းကြေးကို ယူနိုက်တက်ဘက်က ပေးချေစရာမလိုတော့ဘူးလို့လည်းသိရပါတယ်။ 

ဘက်တစ်အနေနဲ့ အန်တိုနီကိုခေါ်ယူလိုက်နိုင်ဖြစ်တာကြောင့် အသင်းအတွက်သာမက ပရိသတ်တွေအတွက်ပါ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ဖန်တီးနိုင်ဖို့ အခွင့်အရေးရလာပြီလို့ဆိုရမှာဖြစ်ပါတယ်။ သို့သော်လည်း အန်တိုနီကိုခေါ်ယူလိုက်တာကြောင့် ဘက်တစ်အနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာတော့ နောက်ထပ်ကစားသမားသစ်တွေ ထပ်မံခေါ်ယူနိုင်တော့မှာမဟုတ်ပါဘူး။ လက်ရှိဘက်တစ်ရဲ့လူစာရင်းဟာ လိုအပ်ချက်တွေရှိနေဆဲဖြစ်တာကြောင့် နည်းပြ မန်နူရယ်ပယ်လီဂရီနီအတွက်တော့ ဒီအချက်က စိတ်ပူစရာဖြစ်နေမှာသေချာပါတယ်။