အယ်လ်ကလက်ဆီကိုပွဲက အပြုအမူနဲ့ပတ်သက်ပြီး တရားဝင်တောင်းပန်ခဲ့တဲ့ ဗင်နီ
အယ်လ်ကလက်ဆီကိုပွဲကအပြုအမူနဲ့ပတ်သက်ပြီး ရီးရဲလ်နည်းပြ အလွန်ဆိုအပါအဝင် အသင်းဖော်တွေကို တောင်ပံကစားသမား ဗင်နီတစ်ယောက် တရားဝင်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။သတင်းထောက်တွေနဲ့ပြောကြားရာမှာ အလွန်ဆိုက ဘရာဇီးသား နဲ့ သူ့ကြားမှာ ပြောဆိုမှုတွေရှိထားပြီးလို့ ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဗင်နီတစ်ယောက် လူစားလဲခံခဲ့ရတာနဲ့ပတ်သက်ပြီး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်လား?။ ကျွန်တော်လား?။ မစ္စတာ ကျွန်တော်လားဗျာ? လို့ အလွန်ဆိုရဲ့လူစားလဲမှုကို အော်ဟစ်ပြောကြားခဲ့ပါတယ်။ အဲ့နောက်လူစားလဲခံရအပြီးမှာ “အမြဲတမ်း ကျွန်တော်ပဲလားဗျား။ ငါဒီအသင်းကနေထွက်ခွာတော့မှာပါ။ ထွက်ခွာတာက အကောင်းဆုံးပဲဆိုပြီး”ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဗင်နီဟာ လူစားလဲအပြီးမှာ အဝတ်လဲခန်းထဲကိုတိုက်ရိုက်ဝင်သွားခဲ့ပြီး အရန်ခုံကို မလာခဲ့တာဖြစ်ပါတယ်။
အဆိုပါဖြစ်ရပ်အပြီးမှာတော့ ဗင်နီကတွစ်တာကနေ “ဒီနေ့မှာ ကျွန်တော်အယ်လ်ကလက်ဆီကိုပွဲကဖြစ်ရပ်နဲ့ပတ်သက်ပြီး မက်ဒရစ်သားတွေအားလုံးကို တောင်းပန်ချင်ပါတယ်။ ကျွန်တော် ဒီနေ့လေ့ကျင့်ခန်းအစီအစဉ်မှာ လူချင်းတွေ့ပြီး တောင်းပန်ပြီးပါပြီ။ အသင်းဖော်တွေ ၊ ကလပ်အသင်းကလူတွေ ၊ ဥက္ကဌကိုလည်း တောင်းပန်ချင်ပါတယ်။ တစ်ချို့အချိန်တွေမှာ ကျွန်တော့်ခံစားချက်က အသင်းဖော်တွေကိုကူညီချင်တာရယ် အနိုင်ရချင်တာရယ်ကြောင့်အခုလိုဖြစ်ခဲ့တာပါ။ ကျွန်တော့်စရိုက်လက္ခဏာကိုက တိုက်ပွဲဝင်ချင်တာပါ။ အသင်းအတွက်လည်း ကျွန်တော် စက္ကန့်တိုင်းကို တိုက်ပွဲဝင်သွားမယ်လို့ ကတိပေးပါတယ်”လို့ ဗင်နီက ရေးသားတင်ခဲ့ပါတယ်။
သောကြာနေ့တုန်းက သတင်းစာရှင်းပွဲမှာ အလွန်ဆိုက ဗင်နီရဲ့တောင်းပန်မှုကို အတည်ပြုခဲ့ပြီး အခုချိန်မှာ အဆင်ပြေသွားခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။ “ဗင်နီ ကျွန်တော့်ကိုတောင်းပန်ခဲ့လားဆိုရင်တော့ ကျွန်တော်တို့ ဗုဒ္ဓဟူးနေ့တုန်းက လူတိုင်းနဲ့တွေ့ဆုံခဲ့ပါတယ်။ ဗင်နီက စင်းလုံးချောပါပဲ။ သူအရိုးသားဆုံးပြောခဲ့ပါတယ်။ အဲ့တာက အရမ်းကောင်းပါတယ်။ သူ့ရဲ့တောင်းပန်မှုက အရမ်းအပေါင်းလက္ခဏာဆောင်ပါတယ်။ သူက အရိုးသားဆုံး နဲ့ သူ့နှလုံးသားထဲကနေ လာတာပါ။ ကျွန်တော် အရမ်းကျေနပ်ပါတယ်။ မနေ့တုန်းက ကျွန်တော်တို့ လေ့ကျင့်ခန်းကောင်းကောင်းဆင်းခဲ့သလို ဗင်နီလည်း အကောင်းဆုံးလုပ်တာကို မြင်ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေတုန်းက ဗင်နီ နဲ့ ရီးရဲလ်တို့ကြား စာချုပ်သစ်ကိစ္စဆွေးနွေးမှုဟာ အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။ ဘရာဇီးသားက လုပ်ခလစာတိုးတောင်းထားပြီး လက်ရှိဘာပေနဲ့တန်းတူအနေအထားမျိုးလိုချင်နေပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်တုန်းက သတင်းတွေအရတော့ ဗင်နီ နဲ့ ရီးရဲလ်တို့ကြား ဆွေးနွေးမှုတွေဆက်လုပ်မှာဖြစ်ပြီး သဘောတူညီမှုရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းဟာ ဘရာဇီးသားကို ၂၀၃၀ အထိ ဆက်ထိန်းထားချင်နေပြီး လက်ရှိစာချုပ်သက်တမ်းက ၂၀၂၇ မှာကုန်ဆုံးမှာဖြစ်ပါတယ်။