The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကိုယ်စီကြုံတွေ့ထားရတဲ့ မန်ဒီနဲ့ အလာဘာ

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်နောက်ခံလူတွေဖြစ်တဲ့ ဖာလန်းမန်ဒီနဲ့ ဒေးဗစ်အလာဘာတို့ဟာ ဒဏ်ရာပြဿနာကိုယ်စီကြုံတွေ့ထားရတာကြောင့် ကာလိုအန်ဆယ်လော့တီအနေနဲ့ ဒီရာသီ အသင်းရဲ့နောက်ဆုံးလက်ကျန်မျှော်လင့်ချက်ဖြစ်တဲ့ လာလီဂါဖလားကိုဆွတ်ခူးနိုင်ဖို့ အခက်ကြုံရနိုင်တယ်လို့သိရပါတယ်။ 

၂၀၂၄-၂၅ ရာသီအတွင်း ပြိုင်ပွဲစုံမှာ ပုံစံကောင်းရဖို့ရုန်းကန်နေရတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစောစီးစီးထွက်ခွာခဲ့ရသလို၊ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာလည်း ဘာစီလိုနာကိုရှုံးနိမ့်ပြီး ဆုဖလားကို လက်လွှတ်ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်အနေနဲ့ ဗိုလ်လုပွဲမှာ ဆုဖလားကိုဆုံးရှုံးခဲ့ရုံမက အဓိကနောက်ခံလူဖြစ်တဲ့ အန်တိုနီရူဒီဂါကလည်း အဆိုပါပွဲစဉ်မှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူရဦးမှာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ရူဒီဂါသာမက အဆိုပါပွဲစဉ်မှာ လူစားလဲခံခဲ့ရတဲ့ နောက်ခံလူမန်ဒီကလည်း ဒဏ်ရာပြဿနာကြုံတွေ့ထားရတယ်လို့သိရပါတယ်။ ရီးရဲလ်မက်ဒရစ်က ဘယ်နောက်ခံလူဟာ ညာဘက်ပေါင်ကြွက်သားစုတ်ပြဲဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုထားပြီး တစ်ချိန်တည်းမှာပဲ အလာဘာကလည်း ဘယ်ဘက်ဒူးခေါင်းဒဏ်ရာရထားတယ်လို့ဆိုပါတယ်။ 

မန်ဒီ၊ အလာဘာတို့နဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်က "ဖာလန်းမန်ဒီရဲ့ဒဏ်ရာကို စစ်ဆေးချက်အရ သူဟာ ညာဘက်ပေါင်ကြွက်သား စုတ်ပြဲသွားတယ်လို့ တွေ့ရှိခဲ့ရပါတယ်။စစ်ဆေးမှုတွေပြုလုပ်ထားပေမယ့် အခုချိန်အထိ တိကျတဲ့ရလဒ်ကိုတော့ မသိရသေးပါဘူး။ ဒေးဗစ်အလာဘာရဲ့ဒဏ်ရာကို စစ်ဆေးချက်အရ သူဟာ ဘယ်ဘက်ဒူးခေါင်း အတွင်းပိုင်းဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်" လို့ထုတ်ပြန်ထားခဲ့ပါတယ်။ 

ဒဏ်ရာပြဿနာနှိပ်စက်မှုကြောင့် ပြိုင်ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းရဖို့ရုန်းကန်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ဟာ အခုချိန်အထိလည်း ဒဏ်ရာပြဿနာတွေမှ ရုန်းထွက်နိုင်ခြင်းမရှိသေးဘဲ ဆက်လက်ရုန်းကန်သွားရဖို့ရှိနေပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ အန်ဆယ်လော့တီရဲ့အသင်းဟာ လာလီဂါပွဲစဉ်အဖြစ် ဆယ်လ်တာဗီဂိုကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဘာစီလိုနာနဲ့ ရမှတ်ကွာဟမှုကျဉ်းမြောင်းစေဖို့ မဖြစ်မနေအနိုင်ကစားသွားရပါမယ်။