
နည်းပြပရိုဘီရက်ဇ်လက်အောက် ပိုလန်အတွက် ပြန်မကစားပေးတော့ဘူးလို့ ကြေညာလိုက်တဲ့ လီဝန်ဒေါစကီး
နည်းပြနဲ့ ဆက်ဆံရေးပြိုကွဲပြီးနောက် မီချယ်ပရိုဘီရက်ဇ်လက်အောက် ပိုလန်လက်ရွေးစင်အသင်းအတွက် ပြန်မကစားပေးတော့ဘူးလို့ ဘာစီလိုနာကြယ်ပွင့်လီဝန်ဒေါစကီးက ကြေညာခဲ့ပါတယ်။
လီဝန်ဒေါစကီးက ပရိုဘီရက်ဇ်ဆီ စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းနွမ်းလျနေပြီလို့ ပြောကြားပြီးနောက် ပိုလန်အသင်းရဲ့ဇွန်လစခန်းသွင်းလေ့ကျင့်မှုအစီအစဉ်မှ နုတ်ထွက်ခဲ့ပါတယ်။
ဒါကြောင့် အသက်-၃၆ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့သောကြာနေ့၊ မော်လ်ဒိုဗာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ခြေစမ်းပွဲစဉ်ကို လွဲချော်ခဲ့သလို ဇွန် ၁၀ ရက်၊ ဖင်လန်နဲ့ရင်ဆိုင်ရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း ပါဝင်နိုင်ဖို့ မရှိတော့ပါဘူး။ အခုအချိန်မှာတော့ ဘာစီလိုနာကြယ်ပွင့်က ပရိုဘီရက်ဇ်တာဝန်ယူထားချိန် လက်ရွေးစင်အသင်းဆီ သူပြန်လာစရာအကြောင်း လုံးဝမရှိတော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ယမန်နေ့၊ ဆိုရှယ်မီဒီယာမှတဆင့်ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ လီဝန်ဒေါစကီးက “ လက်ရှိအခြေအနေနဲ့ နည်းပြအပေါ်ထားရှိတဲ့ယုံကြည်မှုပျောက်ဆုံးသွားပြီးနောက် ပိုလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ပရိုဘီရက်ဇ်ရှိနေသရွေ့ အသင်းအတွက် ပြန်မကစားပေးတော့ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ။
ကမ္ဘာ့အကောင်းဆုံးပရိသတ်တွေအတွက် နောက်တစ်ကြိမ်ပြန်ကစားပေးနိုင်မယ့် အခွင့်အရေး ရရှိလာလိမ့်ဦးမယ်လို့လည်း ယုံကြည်မိပါတယ်”လို့ ပြောပါတယ်။ ပိုလန်လက်ရွေးစင်အသင်းခေါင်းဆောင်တာဝန်နဲ့ပတ်သက်လို့ ဘာစီလိုနာတိုက်စစ်မှူးထံမှ ဇီလင်စကီးဆီ လွှဲအပ်ပေးမယ်ဆိုတဲ့ ပရိုဘီရက်ဇ်ရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် လီဝန်ဒေါစကီးရဲ့ကြေညာချက်လည်း နာရီပိုင်းအကြာမှာပဲ ထွက်ပေါ်လာခဲ့တာပါ။ လီဝန်ဒေါစကီးက နိုင်ငံ့လက်ရွေးစင်အသင်းခေါင်းဆောင်တာဝန်ကို ၂၀၁၄ ခုနှစ်ကတည်းက ဘလက်ဇီကောစကီးထံမှ လွှဲပြောင်းရယူခဲ့သူ ဖြစ်ပါတယ်။ အခုကပ္ပတိန်တာဝန်အပြောင်းအလဲအတွက် တရားဝင်ကြေညာချက်တော့ မထုတ်ပြန်လာသေးပါဘူး။
လီဝန်ဒေါစကီးက ပိုလန်လက်ရွေးစင်အသင်းအတွက် ၁၅၈ ပွဲအထိ စံချိန်တင်ပါဝင်ကစားခဲ့ပြီး ၈၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အခုလို နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝကို အကန့်အသတ်မရှိ အနားယူပြီးနောက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်းက ရာသီကြိုအတွက် ဘာစီလိုနာအသင်းဆီ သတင်းမပို့ခင်ကာလအထိ ဘောလုံးကစားခြင်းမှ အချိန်အနည်းငယ်အနားယူသွားရပါလိမ့်မယ်။