
ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ ရိုဒရီဂို
ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ရိုဒရီဂိုဟာ ရာသီကုန်မှာ ဆန်တီယာဂိုဘာနေဗျူးကို စွန့်ခွာပြီး အသင်းသစ်သို့ ပြောင်းရွှေ့အခြေချတော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိလာလီဂါနဲ့ ချန်ပီယံလိဂ်ချန်ပီယံတွေဟာ ဒီရာသီမှာတော့ ပြိုင်ပွဲစုံမှာ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး လာလီဂါဖလားတစ်လုံးသာ မျှော်လင့်ချက်ရှိတော့ပေမယ့် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာသာ ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိအသင်းနည်းပြ ကာလိုအန်ဆယ်လော့တီဟာလည်း ရာသီကုန်မှာ အသင်းကနေထွက်ခွာပြီး ဘရာဇီးလက်ရွေးစင်အသင်းကို တာဝန်ယူသွားတော့မယ်လို့ သတင်းတွေထွက်ပေါ်နေကာ လေဗာကူဆင်နည်းပြ ဇာဘီအလွန်ဆိုကလည်း နောက်ရာသီမှာ ရီးရဲလ်မက်ဒရစ်ကို စတင်ရောက်ရှိလာတော့မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။
မကြာသေးမီကလည်း ရီးရဲလ်မက်ဒရစ်ဟာ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ အယ်လ်ကလက်စီကိုပြိုင်ဘက် ဘာစီလိုနာကို အရေးနိမ့်ပြီး ဆုဖလားကို လက်လွှတ်ထားခဲ့ရပါသေးတယ်။
အပြောင်းအရွှေ့ဘက်မှာတော့ လီဗာပူးနောက်ခံလူ ထရန့်အလက်ဇန်းဒါးအာနိုးဟာ လာမယ့်ရာသီမှာ အသင်းနဲ့ချိတ်ဆက်ဖို့ အလားအလာများနေတယ်လို့ သိရပါတယ်။ ယခုအခါမှာလည်း အသင်းရဲ့တောင်ပံကစား ရိုဒရီဂိုတစ်ယောက် ထွက်ခွာတော့မယ့်အကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်ဟာ ၂၀၁၉ ခုနှစ်မှာ ဆန်းတို့စ်မှ ရီးရဲလ်မက်ဒရစ်သို့ စတင်ပြောင်းရွှေ့လာခဲ့ပြီး အသင်းနဲ့အတူ လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်အတွက် အားထားစရာကစားသမားတစ်ဦးဖြစ်ခဲ့ပြီး စုစုပေါင်း ၂၆၇ ပွဲကစားထားရာမှာ ၆၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှုအကြိမ် ၅၀ ပြုလုပ်ပေးထားနိုင်ပါတယ်။ သို့သော်လည်း ဒီရာသီမှာတော့ ကစားသမားဟာ ရီးရဲလ်မက်ဒရစ်အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး လာလီဂါ ၂၂ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။
ကစားသမားဟာ ဗင်နီစီးယက်စ်၊ အမ်ဘာပေနဲ့ ဂျုဒ်ဘယ်လင်ဟမ်တို့ရဲ့ လွှမ်းမိုးမှုကို ခံစားနေရတယ်လို့ ယူဆနေကြောင်း သတင်းတွေထွက်ပေါ်ထားခဲ့တာလည်းဖြစ်ပါတယ်။ ရိုဒရီဂိုဟာ အသင်းသစ်မှာ တောက်ပဖို့ ဆန္ဒရှိနေပေမယ့် အသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့ အလွန်ဆိုလက်ထက်မှာတော့ အပြောင်းအလဲတွေဖြစ်ပေါ်လာဖို့ ရှိပါတယ်။ တောင်ပံကစားသမားဟာ ရီးရဲလ်မက်ဒရစ်ကို ချစ်မြတ်နိုးသူဖြစ်သလို၊ မက်ဒရစ်မြို့မှာပျော်ရွှင်နေသူလည်းဖြစ်ပြီး ယခုနှစ်အစောပိုင်းက ဆော်ဒီပရိုလိဂ်ရဲ့ကမ်းလှမ်းမှုတွေကိုလည်း ငြင်းပယ်ထားခဲ့တာဖြစ်ပါတယ်။