The network connection is lost.

Banner Image

ယူနိုက်တက်မှာ အာမိုရင်က အံ့အားသင့်ဖွယ်ရာတွေ လုပ်ပြနိုင်မှာမဟုတ်ဘူးလို့ ရော်နယ်ဒိုပြောကြား

ခရစ္စတီယာနိုရော်နယ်ဒိုက ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာအံ့အားသင့်ဖွယ်ရာတွေ လုပ်ပြနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ အသက် ၄၀ အရွယ် ပေါ်တူဂီ တိုက်စစ်မှူးဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ ယူနိုက်တက်နဲ့ သူ့ရဲ့ ဒုတိယအကြိမ် ကစားသမားဘ၀ကို အဆုံးသတ်ပြီး အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့တာပါ။ ပေါ်တူဂီ အသင်းဖော်ဟောင်း အာမိုရင်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ တန်ဟတ်နေရာကို ဆက်ခံပြီး နည်းပြသစ်ဖြစ်လာခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် အဆင့် ၁၅ နဲ့ အဆုံးသတ်ခဲ့ပြီး ဒါဟာ ၁၉၇၃-၇၄ရာသီ တန်းဆင်းခဲ့ရပြီးနောက်ပိုင်း အဆိုးဆုံး လိဂ်အဆင့် ဖြစ်ခဲ့ပါတယ်။ Piers Morgan နဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက"အာမိုရင်ကတော့ အကောင်းဆုံးကို လုပ်နေတာပါ။  ဘာလုပ်မှာလဲ? အံ့အားသင့်ဖွယ်ရာတွေလား? အံ့အားသင့်ဖွယ်ရာတွေဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ပေါ်တူဂီမှာ ပြောလေ့ရှိတာက 'အံ့အားသင့်ဖွယ်ရာတွေက Fatima မှာပဲ ဖြစ်တယ်' တဲ့။ အဲ... သူကတော့ အံ့အားသင့်ဖွယ်ရာတွေတွေ လုပ်နိုင်မှာ မဟုတ်ဘူး။"လို့ ပြောခဲ့ပါတယ်။

အာမိုရင် ရောက်လာပြီးနောက်ပိုင်း ယူနိုက်တက်ဟာ ပေါင် သန်း ၂၅၀ လောက် အသုံးပြုကာ ကစားသမားသစ်တွေ ခေါ်ယူခဲ့ပါတယ်။  ရော်နယ်ဒိုက အသင်းမှာ ကစားသမားကောင်းတွေ ရှိတယ်လို့ ပြောပေမယ့်၊ တချို့ ကစားသမားတွေက "ယူနိုက်တက်ဆိုတာ ဘာလဲဆိုတာ စိတ်ထဲမှာ မရှိဘူး" လို့ ခံစားရကြောင်း ဖွင့်ဟခဲ့ပါတယ်။ "မန်ချက်စတာ ယူနိုက်တက်က ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အခုထိ ရှိနေတုန်းပဲ" လို့ ရော်နယ်ဒိုက ထပ်ပြောပါတယ်။

ရော်နယ်ဒိုက"အော်... ကျွန်တော် အဲဒီကလပ်ကို ချစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံး ရိုးသားဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး 'ဟေ့... သူတို့က လမ်းကြောင်းမှန်ပေါ်မှာ မရှိသေးဘူး' လို့ ပြောဖို့ လိုတယ်။ ဒါကြောင့် သူတို့ ပြောင်းလဲဖို့ လိုတယ်။ ကျွန်တော့်အမြင်အရတော့ ဒါက နည်းပြနဲ့ ကစားသမားတွေအပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူး" လို့ ဆိုပါတယ်။