
ယူနိုက်တက်နည်းပြအာမိုရင် ဘင်ဖီကာသို့ပြောင်းရွှေ့တော့မယ်လို့ ကောလာဟလတွေထွက်ပေါ်လာ
ဘင်ဖီကာရဲ့ အသင်းဥက္ကဌလောင်း ဂျာအိုနိုရိုညာလိုပက်စ်ဟာ တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီပွဲစဉ်ကကို လာရောက်ကြည့်ရှုခဲ့ပြီး နည်းပြရူဘင်အာမိုရင်ရဲ့အခြေအနေကို အကဲခတ်ခဲ့ကာ ပေါ်တူဂီသားဟာ တစ်ချိန်မှာ ဘင်ဖီကာနည်းပြဖြစ်လာရမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ဟာ မန်စီးတီးကို ၃-၀ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပေမယ့် ဘင်ဖီကာဥက္ကဌလောင်းကတော့ အာမိုရင်ကို အတော်လေးအထင်ကြီးလေးစားနေပုံရတာကြောင့် အသင်းမှာခေါ်ယူဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ လိုပက်စ်ဟာ လာမယ့်အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျင်းပသွားမယ့် ဘင်ဖီကာဥက္ကဌရွေးကောက်ပွဲမှာ အနိုင်ရဖို့ အလားအလာအရှိဆုံးဖြစ်နေပါတယ်။
အသက်-၅၉ နှစ်အရွယ်ဥက္ကဌလောင်းဟာ မန်ချက်စတာသို့ရောက်ရှိခဲ့ပေမယ့် အာမိုရင်နဲ့ တွေ့ဆုံခဲ့ခြင်းမရှိကြောင်းနဲ့ အနာဂတ်မှာ အာမိုရင်ကို ဘင်ဖီကာနည်းပြဖြစ်လာစေဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။ လိုပက်စ်က "ကျွန်တော်တို့ မန်ချက်စတာဒါဘီပွဲစဉ်ကိုသွားကြည့်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဘင်ဖီကာရဲ့အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ပါ။ ကျွန်တော် ဘာနာဒိုဆေးလ်ဗား၊ ရူဘင်အာမိုရင်တို့နဲ့ မတွေ့ခဲ့ပါဘူး။ အာမိုရင်က ယူနိုက်တက်နဲ့ စာချုပ်ကျန်ပါသေးတယ်။ ကျွန်တော့်အနေနဲ့ ယူနိုက်တက်ရဲ့ရလဒ်တွေနဲ့ပတ်သက်ပြီးတော့လည်း မှတ်ချက်မပေးချင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး သူက "ရူဘင်အာမိုရင်က မန်ချက်စတာယူနိုက်တက်နည်းပြပါ။ သူ့ကိုခေါ်ယူမယ်ဆိုတဲ့အကြောင်း အခုချိန်မှာမပြောနိုင်သေးပါဘူး။ သေချာတာတစ်ခုကတော့ တစ်နေ့မှာ အာမိုရင်က ဘင်ဖီကာနည်းပြဖြစ်လာရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
အာမိုရင်ဟာ ၂၀၀၈ မှ ၂၀၁၇ ခုနှစ်အတွင်း ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ ၁၅၃ ပွဲအထိကစားခဲ့သူဖြစ်ပြီး လောလောဆယ်မှာတော့ ယူနိုက်တက်ရဲ့ ဆိုးဝါးတဲ့ရလဒ်တွေကြောင့် အိုးလ်ထရက်ဖို့ဒ်ကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေနဲ့ကြုံတွေ့နေရပါတယ်။ ယခုရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲကစားအပြီး ရမှတ် ၄ မှတ်သာရရှိထားတာကြောင့် ၃၃ နှစ်အတွင်း အဆိုးဝါးဆုံးသော ရာသီစတင်မှုနဲ့ ကြုံတွေ့ထားရပါတယ်။
လက်ရှိအချိန်မှာ ဘင်ဖီကာအသင်းကို ဝုဗ်မန်နေဂျာဟောင်း ဘရူနိုလက်ဂျ်က ကိုင်တွယ်နေတာဖြစ်ပေမယ့် လိုပက်စ်သာ အသင်းဥက္ကဌသစ်ဖြစ်လာပါက အာမိုရင်ကိုခေါ်ယူဖို့ ကြိုးစားသွားဖွယ်ရှိပါတယ်။ လာမယ့် စနေနေ့မှာတော့ ယူနိုက်တက်ဟာ နောက်ထပ်ခက်ခဲတဲ့ပွဲစဉ်အဖြစ် ချဲလ်ဆီးကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။