The network connection is lost.

Banner Image

ခြေစွမ်းတိုးတက်လာတဲ့ မေဆင်မောင့်ကို အာမိုရင် ချီးကျူး

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ဘီလ်ဘာအိုကို ၄-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ အသင်းအတွင် သွင်းဂိုး ၂ ဂိုးရယူပေးနိုင်ခဲ့တဲ့သလို၊ ခြေစွမ်းပိုင်းလည်း သိသိသာသာတိုးတက်လာခဲ့တဲ့ ကွင်းလယ်လူမေဆင်မောင့်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ 

ပထမအကျော့မှာ ဘီလ်ဘာအိုကို ၃-၀ နဲ့အနိုင်ရထားခဲ့တဲ့ ယူနိုက်တက်ဟာ ဒုတိယအကျော့မှာလည်း နိုင်ပွဲထပ်ရခဲ့ပြီး မေဆင်မောင့်က အသင်းအတွက် ဂိုးတွေ လှလှပပသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အာမိုရင်က မေဆင်မောင့်ဟာ သူ့ကိုယ်သူတိုးတက်ဖို့အတွက် အပြင်းအထန်ကြိုးစားနေကြောင်းနဲ့ အသင်းအတွက် ပေးဆပ်ဖို့ အဆင်သင့်ရှိနေတဲ့ကစားသမားဖြစ်ကြောင်း ချီးကျူးခဲ့တာဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်မှာ ငယ်ဘဝကလပ် ချဲလ်ဆီးကိုစွန့်ခွာပြီး ယူနိုက်တက်သို့ပြောင်းရွှေ့လာခဲ့တဲ့ မောင့်ဟာ ပထမရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ကစားခွင့်ရဖို့ပင် ရုန်းကန်ခဲ့ရပြီး ယခုချိန်အထိ ပုံမှန်ပွဲထွက်ခွင့်မရသေးပါဘူး။ကစားသမားဟာ ၂ ရာသီအတွင်း ယူနိုက်တက်အတွက် စုစုပေါင်း ၄၂ ပွဲသာပါဝင်ကစားခွင့်ရထားတာဖြစ်ပါတယ်။ 


ယခုအခါမှာ အာမိုရင်က “မေဆင်မောင့်အတွက် ကျွန်တော်ဝမ်းသာပါတယ်။ သူက ဒီလိုသွင်းဂိုးတွေနဲ့ လိုက်ဖက်တဲ့ကစားသမားမျိုးပါ။ သူအတော်လေး ကြိုးစားခဲ့သလို၊ အရည်အသွေးလည်း ပြည့်မီပါတယ်။ သူ နေ့တိုင်းမှာ တိုးတက်ဖို့ကြိုးစားနေပါတယ်။ အစားအသောက်သေချာစားပြီး ကြံ့ခိုင်မှုအတွက် နေ့တိုင်းရေခဲစိမ်ပါတယ်။ အခု အသင်းမှာကစားနေတဲ့နေရာက သူ့အတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခုပါပဲ။ ဒါပေမယ့် တောင်ပံကစားသမားတစ်ယောက်လို အပြေးနှုန်းရှိတဲ့အတွက်လည်း ကျေနပ်ပါတယ်”

“အသင်းမှာ ကစားသမားအလုံလောက်ရှိနေရင် ဘယ်အသင်းမဆို ရင်ဆိုင်ဖို့အသင့်ပါပဲ။ တစ်ခါတလေမှာ နေရာချထားတာကနေ ကျွံထွက်သွားတာမျိုးရှိပေမယ့် ကစားသမားတွေက အသင်းရဲ့နိုင်ပွဲအတွက် တတ်နိုင်သလောက် ရုန်းကြမှာပါပဲ” လို့ပြောကြားခဲ့ပါတယ်။ ဘီလ်ဘာအိုကိုအနိုင်ရပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲသို့တက်လှမ်းသွားခဲ့တဲ့ ယူနိုက်တက်ဟာ တော့တင်ဟမ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ ကစားသွားရပါမယ်။