
၂၀၂၅ ခုနှစ်၊ ဘော်လွန်းဒီအော်ဆုအတွက် စိတ်ကြိုက်ကစားသမားကို ရွေးချယ်လိုက်တဲ့ ဂရာဗန်ဘတ်ချ်
ဂရာဗန်ဘတ်ချ်က လီဗာပူးအသင်းဖော်တစ်ဦးကို သူ့စိတ်ကြိုက်ဘော်လွန်းဒီအော်ဆုရှင်အဖြစ် ရွေးချယ်ခဲ့ပြီး ကလပ်အသင်းဆီ ဖရင်းပေါင်ရောက်ရှိလာမှုနဲ့ပတ်သက်လို့လည်း အတွေးအမြင်တွေကို မျှဝေပေးခဲ့ပါတယ်။
ဂရာဗန်ဘတ်ချ်က ၂၀၂၅ ခုနှစ်၊ ဘော်လွန်းဒီအော်ဆုရှင် ဘယ်သူဖြစ်သင့်သလဲဆိုတာနဲ့ပတ်သက်လို့ တချိန်က ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းအစားဆုံးဖြစ်ခဲ့ဖူးတဲ့ လီဗာပူးအသင်းဖော်မိုဆာလက်ကို ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် သူက လေဗာကူဆင်အသင်းမှ ဒတ်ချ်လက်ရွေးစင်အသင်းဖော်ဖရင်းပေါင် ရောက်ရှိလာမှုနဲ့ပတ်သက်လို့လည်း သူ့ရဲ့ပျော်ရွှင်နေမှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။
မိုဆာလက်က အခုဘောလုံးရာသီ၊ ပထမရာသီဝက်ကာလအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးနိုင်မှုစာရင်းမှာ ထိပ်ဆုံးနေရာမှဦးဆောင်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ ရေပန်းစားခဲ့ပါတယ်။ ဒါပေမယ့် ကြိုးကြာနီတွေရဲ့ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်မှလှည့်ပြန်ရမှုနဲ့အတူ နောက်ပိုင်းမှာ အီဂျစ်သားကိုယ်တိုင်လည်း ပုံစံကောင်းကိုဆက်ထိန်းထားနိုင်ဖို့ အနည်းငယ်ရုန်းကန်ခဲ့ရပါတယ်။ လီဗာပူးအသင်းရဲ့အင်္ဂလန်ထိပ်တန်းလိဂ်အောင်ပွဲခရီးလမ်းတလျှောက် လိဂ် ၃၈ ပွဲကစားရာမှာ ၂၉ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ဥရောပအဆင့်ပြိုင်ပွဲမှ စောစောစီးစီးထွက်ခွာရမှုကြောင့် မိုဆာလက်ကို ဘော်လွန်းဒီအော်ဆုအတွက်ဆွေးနွေးမှုတွေမှာ ဖယ်ရှားလာခဲ့ပြီး ဒမ်ဘီလီနဲ့ ယာမယ်လ်တို့သာ ဒီဆုအတွက် ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ ဘော်လွန်းဒီအော်ဆုအကြောင်း Votebalzone သတင်းဌာနမှ မေးမြန်းလာချိန် ဂရာဗန်ဘတ်ချ်က “ ဒါက အတော်လေးခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အသင်းဖော်မိုဆာလက်ကိုပဲ ရွေးချယ်ပါမယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး ဂရာဗန်ဘတ်ချ်က လေဗာကူဆင်မှ လီဗာပူးဆီ ဖရင်းပေါင်ရောက်ရှိလာမှုနဲ့ပတ်သက်လို့ သူ့ရဲ့ဝမ်းမြောက်နေမှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။
အန်ဖီးလ်ဆီပြောင်းရွှေ့လာဖို့ ဒတ်ချ်နိုင်ငံသားအချင်းချင်း စည်းရုံးခဲ့ရသေးလားဆိုတဲ့မေးခွန်းကို ဂရာဗန်ဘတ်ချ်က “ ကျွန်တော်တို့တွေ သူ့ကို စည်းရုံးနေစရာ မလိုပါဘူး။ သူကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ကို လျှင်လျှင်မြန်မြန်ပြုလုပ်လိုက်တယ်လို့ ထင်ပါတယ်။ ဖရင်းပေါင်ကိုယ်တိုင် ကျွန်တော့်ရဲ့ကလပ်အသင်းဖော်ဖြစ်လာလို့ အလွန်ပျော်ရွှင်မိပါတယ်”လို့ တုံ့ပြန်ဖြေကြားပါတယ်။ အသက်-၂၃ နှစ်အရွယ်ကစားသမားဂရာဗန်ဘတ်ချ်ကို ဇွန် ၁၀ ရက်၊ မော်လ်တာနဲ့ရင်ဆိုင်ရမယ့် နယ်သာလန်အသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နောက်တစ်ကြိမ်မြင်တွေ့သွားရပါလိမ့်မယ်။