လီဗာပူးအသင်းကျရှုံးမှုတွေအတွက် ကြယ်ပွင့်ကစားသမားနှစ်ဦးကို ပြစ်တင်ဝေဖန်လိုက်တဲ့ အလန်ရှီးယား
ပရီမီးယားလိဂ်ဂန္တဝင်အလန်ရှီးယားက ဆက်တိုက်ဆိုသလို ရှုံးပွဲကြုံနေတဲ့ အင်္ဂလန်ချန်ပီယံတွေအတွက် လီဗာပူးကစားသမားနှစ်ဦးကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေညပိုင်း၊ ဘရန့်ဖို့ဒ်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် လီဗာပူးရဲ့ချန်ပီယံဆုကာကွယ်နိုင်ရေးအိပ်မက် အကြီးအကျယ်ထိခိုက်သွားခဲ့ပါတယ်။ လိဂ်ကိုးပွဲကစားပြီးချိန်၊ ကြိုးကြာနီတွေက ပေးဂိုး ၁၄ ဂိုးအထိ ခွင့်ပြုထားရပြီး လက်ရှိစွမ်းဆောင်ရည်အရ ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
လီဗာပူးက အခုရာသီ၊ ပရီမီးယားလိဂ်ပြိုင်ပွဲကို ငါးပွဲဆက်အနိုင်ရလဒ်ဖြင့် အကောင်းမွန်ဆုံးစတင်နိုင်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှစတင်ကာ လေးပွဲဆက်အရေးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ Rest in Football podcast အစီအစဉ်မှာ အလန်ရှီးယားက လီဗာပူးရဲ့ဆိုးဆိုးရွားရွားကျဆင်းနေမှုအတွက် အဓိကကျတယ်လို့ သူယူဆထားတဲ့ ကစားသမားနှစ်ဦးကို ရွေးထုတ်သွားခဲ့ပါတယ်။
အလန်ရှီးယားက “ပရိသတ်အများစုနဲ့ ဘောလုံးဝေဖန်သုံးသပ်သူအများစုအနက် လီဗာပူးအသင်းခံစစ်ပိုင်းမှာ ပြဿနာတွေ အများကြီးပဲလို့ပြောတဲ့သူ မရှိဘူးလို့တောင် ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ လီဗာပူးခံစစ်ပိုင်းက ကွင်းတွင်းမှာ ဆိုးဆိုးရွားရွား ပုံပျက်ပန်းပျက် ဖြစ်နေတာပါ။ ခင်ဗျားတို့ကတော့ ကွင်းလယ်ပိုင်းကို ပြောချင်ပြောကြမယ်၊ တိုက်စစ်ပိုင်းမှာ ကစားသမားသစ်တွေနဲ့ ဟန်ချက်မညီဖြစ်နေတယ်လို့ ပြောချင်ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ ခံစစ်ပိုင်းကတော့ တကယ့်ကို ဆိုးရွားနေတာပါ။ ဗန်ဒိုက်၊ ကိုနာတေးနဲ့ အစွန်ခံစစ်မှူးနှစ်ဦးဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ထားရပါတယ်။ ဒါကို နားလည်ပါတယ်။ ဒါပေမဲ့ ဗဟိုခံစစ်မှူးနှစ်ဦးလုံး ပုံပျက်ပန်းပျက်ဖြစ်နေပြီး အတော်ဆိုးရွားလွန်းပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း အဲ့ဒီအတိုင်းပဲ ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးလုံး အရမ်းညံ့ဖျင်းခဲ့ပါတယ်။ ကျွန်တော်ပြောချင်တာ ဗန်ဒိုက်နဲ့ ကိုနာတေးတို့ပါ”လို့ ပြောပါတယ်။
ဗန်ဒိုက်က ပြီးခဲ့တဲ့ဆယ်စုနှစ်တာကာလအတွင်း ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဗဟိုခံစစ်မှူးဖြစ်ခဲ့ပေမဲ့ လက်ရှိခြေစွမ်းပိုင်းအရ ချန်ပီယံရှစ်အဆင့်အတန်းမှာပဲ ရှိနေပါတယ်။ ဒါကို ကိုနာတေးရဲ့မတည်ငြိမ်မှုတွေပါ ထည့်ပေါင်းမယ်ဆိုရင် အန်းစလော့လက်အောက် လီဗာပူးအသင်းမှာ ဂိုးတွေ ဒလဟောပွင့်ထွက်သွားမယ့် အလားအလာရှိပါတယ်။ အန်းစလော့ကိုယ်တိုင်လည်း လီဗာပူးရဲ့အားနည်းချက်တွေကို အမြန်ဆုံးပြုပြင်နိုင်ဖို့လိုအပ်ပါတယ်။ လတ်တလောမှာတော့ အာဆင်နယ်က ဒုတိယနေရာရှိဘုန်းမောက်ထက် လေးမှတ်အသာ၊ အမှတ်ပေးဇယားထိပ်ဆုံးမှာ ပြတ်ပြတ်သားသားရပ်တည်နေပါတယ်။