The network connection is lost.

Banner Image

အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး စောင့်ကြည့်ကြဖို့သာပြောကြားခဲ့တဲ့ ဆွန်ဟောင်မင်

တော့တင်ဟမ်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းကနေထွက်ခွာဖို့ရှိမရှိကို တိတိကျကျမပြောခဲ့ဘဲ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြဖို့သာ ပြောကြားလာခဲ့ပါတယ်။ တောင်ကိုရီးယားလက်ရွေးစင်ဟာ တော့တင်ဟမ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တာဖြစ်ပြီး ဆော်ဒီပရိုလိဂ်ကလပ်တွေရဲ့ ချိတ်ဆက်မှုတွေကြောင့် ပရီးမီးယားလိဂ်ကနေ ထွက်ခွာသွားတော့မယ်လို့ သတင်းတွေကဖော်ပြထားတာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ အင်္ဂါနေ့က ကူဝိတ်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အပြီးမှာ ဆွန်က "အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အခုချိန်ပြောရမှာထက် ဘာတွေဖြစ်လာမလဲ စောင့်ကြည့်တာက ပိုကောင်းပါလိမ့်မယ်။ ဒါပေမယ့် ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော်ကတော့ အကောင်းဆုံးလုပ်သွားမှာပါပဲ။ ဒါကတော့ မပြောင်းလဲပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

အသက်-၃၂ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့လက တော့တင်ဟမ်နဲ့အတူ ယူနိုက်တက်ကိုအနိုင်ယူပြီး ကစားသမားဘဝ ပထမဆုံးအကြိမ် ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ပရီးမီးယားလိဂ်မှာတော့ တော့တင်ဟမ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၇ နေရာမှာသာရပ်တည်ခဲ့တာကြောင့် အသင်းရဲ့ ၁၇ နှစ်ကြာဆုဖလားမိုးခေါင်မှုကို ရပ်တန့်ပေးခဲ့တဲ့ နည်းပြ အန်ဂျီပိုစတီကိုဂလူကို ရာထူးကနေထုတ်ပယ်ထားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဆွန်က "ကျွန်တော့်အတွက် စိတ်ပျက်စရာနှစ်တစ်နှစ်ဖြစ်လိမ့်မယ်လို့ လူတွေပြောကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဆုဖလားရခဲ့လို့ စိတ်ပျက်စရာမဖြစ်ခဲ့ပါဘူး။ ဒီရာသီမှာ ကျွန်တော့်ရဲ့အကောင်းဆုံးခြေစွမ်းကိုပြသဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ရာသီမှာတော့ ပိုကောင်းတဲ့ခြေစွမ်းတွေ ပြန်လည်ပြသနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

တောင်ကိုရီးယားဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က အီရတ်ကို ၂-၀ နဲ့အနိုင်ယူခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ထားခဲ့ကာ အုပ်စုအတွင်း ၁၀ ပွဲကစားပြီးချိန်မှာ ရှုံးပွဲမရှိခဲ့ပါဘူး။ အင်္ဂါနေ့က ကူဝိတ်နဲ့ပွဲစဉ်မှာတော့ ဆွန်ဟာ ပွဲထွက်ကစားသမားအဖြစ်မပါဝင်ခဲ့ရပေမယ့် ပွဲကစားချိန် ၇၅ မိနစ်မှာ လူစားလဲဝင်ရောက်ကစားခွင့်ရခဲ့ပါတယ်။