
သူ့အတွက် စာချုပ်သစ်ပေးရန် အသင်းကို တွန်းအားပေးသွားဖို့ ပရိသတ်တွေဆီ တောင်းဆိုလိုက်တဲ့ ရော်ဘတ်ဆန်
ရော်ဘတ်ဆန်က သူ့ရဲ့အသင်းဖော်တွေ စာချုပ်သစ်ရရှိရန် လိုအပ်နေချိန် ပရိသတ်တွေ တောင်းဆိုပေးခဲ့တဲ့ပုံစံမျိုးကို အခုတစ်ကြိမ်မှာလည်း သူ့အတွက်လုပ်ပေးကြဖို့အတွက် ကာရေဂါနဲ့တွေ့ဆုံချိန် ပြောခဲ့ပါတယ်။
ရော်ဘတ်ဆန်က ၂၀၂၆ ခုနှစ်၊ နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားဖို့ရှိနေပြီး သက်တမ်းတိုးဖို့ လိုလားတယ်လို့ ကာရေဂါဆီ ပြောပြပါတယ်။ လီဗာပူးအသင်းပရိသတ်တွေကိုယ်တိုင်လည်း မိုဆာလက်၊ ဗန်ဒိုက်တို့ကို စာချုပ်သစ်ပေးရန်၊ အာနိုးလ်ကို အသင်းမှာ ဆက်ရှိနေစေရန်အတွက် အသင်းဆီ အင်တိုက်အားတိုက်တောင်းဆိုပေးခဲ့ဖူးပါတယ်။
လူမှုရေးအခမ်းအနားတစ်ခုမှာ ကာရေဂါနဲ့အတူ စကားလက်ဆုံကျခဲ့တဲ့ ရော်ဘတ်ဆန်က “ ကျွန်တော့်မှာ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် မိုဆာလက်နဲ့ ဗန်ဒိုက်တို့ရဲ့ကိစ္စမှာ စာချုပ်သစ်ပေးဖို့ ခင်ဗျားတို့ ဆူဆူညံညံတောင်းဆိုပေးခဲ့သလို အခု ကျွန်တော့်အတွက်လည်း ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ခင်ဗျားဆိုရင်လည်း အခြားဘယ်အစွန်နောက်ခံလူတွေဆီ ချိတ်ဆက်နေတဲ့ ကလပ်အသင်းရဲ့လုပ်ငန်းတွေကို ရပ်တန့်သွားအောင် လုပ်နိုင်စွမ်းရှိပါတယ်”လို့ အရွှမ်းဖောက်ဟာသလုပ်ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး သူက “ နောက်ကိုပြန်မကြည့်လိုက်ပါနဲ့။ အခုအချိန်မှာ ကျွန်တော်က အံ့အားသင့်စရာရှစ်နှစ်တာကာလကို ပိုင်ဆိုင်ခဲ့ပြီးပါပြီ။ ကျွန်တော့်အတွက် စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်ပါတော့တယ်။ ကျွန်တော်က အရင်လို မငယ်ရွယ်တော့ပေမယ့် ဒီကလပ်အသင်းကို ချစ်သလို ကလပ်အသင်းနဲ့အတူ ကောင်းမွန်တဲ့သမိုင်းမှတ်တမ်းတွေကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါကြောင့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ကိုယ်ကျွန်တော် အကောင်းဆုံးစွမ်းဆောင်ရည်တွေ ထုတ်ပေးနိုင်နေဆဲပဲလို့ ယူဆထားပါတယ်။
အခုဘောလုံးရာသီမှာလည်း ကျွန်တော် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်က အခုလိုမျိုး ထိပ်တန်းအဆင့်မျိုးမှာ ဆက်ရှိနေဦးမယ်လို့ ယူဆထားပါတယ်။ ဒီအတိုင်းသာ လုပ်နေနိုင်မယ်ဆိုရင် ကျွန်တော့်အတွက် အသင်းမှာ နေရာတစ်ခု ရှိနေပါလိမ့်မယ်။ လာမယ့်နှစ်တွေအထိ ဒီကလပ်အသင်းမှာ ကျွန်တော်ဆက်ရှိနေဖို့လည်း မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လ၊ ဖူလ်ဟမ်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း အလွန်ဆိုးရွားတဲ့ခြေစွမ်းကို ပြသမှုနဲ့အတူ ရော်ဘတ်ဆန်ရဲ့အခုဘောလုံးရာသီစွမ်းဆောင်ရည်ပိုင်းက ယုံကြည်အားကိုးနိုင်စရာ မရှိခဲ့ပါဘူး။ လီဗာပူးအသင်းဘက်ကလည်း သူ့နေရာမှာအစားထိုးဖို့ ဘုန်းမောက်ကစားသမားမီလော့ကာကက်ဇ်နဲ့ ချိတ်ဆက်မှုတွေ ရှိထားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံအောင်ပွဲကို ရယူနိုင်ပြီးနောက် ရော်ဘတ်ဆန်က လာမယ့်တနင်္ဂနွေနေ့၊ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရရှိရန် မျှော်လင့်နေပါလိမ့်မယ်။