
အလွန်ဆိုနေရာမှာ ယူနိုက်တက်နည်းပြဟောင်းနဲ့ အစားထိုးဖို့ လေဗာကူဆင် ပြင်ဆင်နေ
သတင်းတွေအရ လေဗာကူဆင်အသင်းဟာ နည်းပြ အလွန်ဆိုနေရာမှာ ယူနိုက်တက်နည်းပြဟောင်း တန်ဟက်နဲ့ အစားထိုးဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ စကိုင်းဂျာမနီသတင်းထောက် ပလက်တန်ဘာ့ဂျ်က တန်ဟက်ကို လေဗာကူဆင်အသင်းက ပစ်မှတ်ထားနေပြီး ဆွေးနွေးမှုတွေတော့ မလုပ်ရသေးကြောင်း ပြောကြားခဲ့ပါတယ်။
အလွန်ဆိုတစ်ယောက် လာမယ့်နွေမှာ ရီးရဲလ်အသင်းထံပြောင်းရွှေ့ဖွယ်ရှိနေချိန်မှာ လေဗာကူဆင်က တန်ဟက်ကို ချိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ထံကနေ ပြီးခဲ့တဲ့အောက်တိုဘာတုန်းကထွက်ခွာလာခဲ့တဲ့ တန်ဟက်ဟာ အသင်းလက်မဲ့ဖြစ်နေဆဲဖြစ်ပါတယ်။ Kicker သတင်းဌာနရဲ့အဆိုအရ လေဗာကူဆင်နည်းပြသစ်ဖြစ်လာဖို့ ဘာစီလိုနာနည်းပြဟောင်း ဇာဗီက ရေပန်းစားနေတယ်လို့ သိရပါတယ်။
တန်ဟက်ကို ချိတ်ဆက်မှုတွေရှိနေဆဲဖြစ်ပြီး ယခင်တုန်းက ဘိုင်ယန်မှာ နည်းပြလုပ်ခဲ့ဖူးသေးတာကြောင့် ရေပန်းစားမှုတွေထဲမှာ ပါဝင်နေဆဲလို့ သတင်းအချို့ကဆိုပါတယ်။သတင်းတော်တော်များများကတော့ အန်ဆယ်လော့တီ နဲ့ ဘရာဇီးအသင်းတို့ကြား အခြေအနေတွေကို အာရုံစိုက်နေကြပါတယ်။ တကယ်လို့ ရီးရဲလ်အနေနဲ့ အလွန်ဆိုကိုသာ ခေါ်ယူဖြစ်ခဲ့ရင် တန်ဟက်က နည်းပြလောကထဲပြန်လည်ဝင်ရောက်လာဖွယ်ရှိနေပါတယ်။