
ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးကို ဂုဏ်ပြုကြိုဆိုပေးသွားမယ်လို့ အတည်ပြုခဲ့တဲ့ ချဲလ်ဆီးနည်းပြမာရက်စ်ကာ
မာရက်စ်ကာက ချဲလ်ဆီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးအသင်းကို လာမယ့်တနင်္ဂနွေနေ့မှာ (Guard of Honour) ဂုဏ်ပြုကြိုဆိုပေးသွားမယ်လို့ အတည်ပြုခဲ့ပြီး သူ့အသင်းအတွက်လည်း အခုလိုမျိုးတွေဖြစ်လာဖို့ မျှော်လင့်နေပါတယ်။
ဘောလုံးရာသီမကုန်ဆုံးခင် ချန်ပီယံအသစ်ဖြစ်လာတဲ့အသင်းကို ပွဲမစတင်ခင် ဂုဏ်ပြုကြိုဆိုပေးတာ ပရီးမီးယားလိဂ်ရဲ့အစဉ်အလာတစ်ခုဖြစ်ပြီး မာရက်စ်ကာကိုယ်တိုင်ကလည်း ဒီထုံးတမ်းစဉ်လာကို လိုက်နာပေးသွားမယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီနှစ်သင်းက လာမယ့်တနင်္ဂနွေနေ့၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ထိပ်တိုက်ရင်ဆိုင်ကစားသွားရပါမယ်။
မာရက်စ်ကာက “ ဒါက အစဉ်အလာတစ်ရပ်လို့ ထင်ပါတယ်။ ဒါက လုပ်ကိုလုပ်ရမယ့်အရာတစ်ခုဖြစ်ပြီး ကျွန်တော်တို့လည်း လုပ်သွားပါမယ်။ ပထမဆုံးအနေနဲ့ သူတို့တွေက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့လည်း ဒီလိုမျိုးဂုဏ်ပြုကြိုဆိုမှုကို ခံယူရဖို့ မျှော်လင့်မိပါတယ်” လို့ ပြောပါတယ်။
မာရက်စ်ကာရဲ့အသင်းက အခုဘောလုံးရာသီ၊ ပထမရာသီဝက်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ လိဂ် ၁၈ ပွဲအနက် ခုနစ်ပွဲသာ အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ဝေးရာဆီ လွင့်စင်သွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ အန်တိုနီယိုကွန်တီလက်အောက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာခဲ့ပြီးနောက်ပိုင်း ချဲလ်ဆီးက အမှတ်ပေးချန်ပီယံဆုကို အနိုင်မရရှိတော့ပါဘူး။
လက်ရှိမှာ ချဲလ်ဆီးက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိစေမယ့် အမှတ်ပေးဇယားပဉ္စမနေရာမှာ ရှိနေပါတယ်။ လီဗာပူးနဲ့ပွဲစဉ်အပြီး သူတို့တွေက နယူးကာဆယ်၊ မန်ချက်စတာယူနိုက်တက်၊ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ ဆက်တိုက်ဆိုသလို ရင်ဆိုင်သွားရပါမယ်။ ဒါ့အပြင် မာရက်စ်ကာရဲ့အသင်းက အခုရာသီ၊ ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံဖြစ်လာဖို့ ရေပန်းစားနေပါတယ်။